BBC navigation

ပြန်ကြားရေးဝန်ကြီးသစ် ရုပ်ရှင် ဗီဒီယို အနုပညာရှင်တွေကို တွေ့ဆုံ

နောက်ဆုံး ရေးသားချိန် 2 စက်တင်ဘာလ 2012 - 16:25 GMT

ရုပ်ရှင် အနုပညာသမားတွေရဲ့ အခက်အခဲတွေကို အစွမ်းကုန် ကြိုးစား ဖြေရှင်းပေးမယ်လို့ ဝန်ကြီးက ကတိပေး

ပြန်ကြားရေး ဝန်ကြီးသစ် ဦးအောင်ကြည်ဟာ ဝန်ကြီး ဦးအောင်မင်းနဲ့ ဦးစိုးသိန်း တို့နဲ့ အတူ ရုပ်ရှင်နဲ့ ဗီဒီယို အနုပညာသည်တွေကို တနင်္ဂနွေနေ့က တွေ့ဆုံခဲ့ ပါတယ်။

တွေ့ဆုံပွဲမှာ လက်ရှိ ရုပ်ရှင် ဗီဒီယိုလောကမှာ ဖြစ်ပျက်နေတဲ့ စျေးကွက်အနေအထား၊ ခိုးကူ အနေအထား၊ လုပ်ကိုင်ရတဲ့အနေအထားနဲ့ ရုပ်ရှင် ဗီဒီယို အနုပညာသမားတွေ တွေ့ကြုံနေရတဲ့ အခက်အခဲတွေ အားလုံးကို ဝန်ကြီးတွေကို တင်ပြခဲ့တယ်လို့ အစည်းအဝေး တက်ရောက်ခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင် ထွန်းအိန္ဒြာဗိုလ်က ဘီဘီစီကို ပြောပါတယ်။

မြန်မာနိုင်ငံသားတွေ အနေနဲ့ ရိုက်ချင်တဲ့ ရိုက်ကွင်း နေရာတွေမှာ ရိုက်ခွင့်မရတဲ့ ဟာတွေကို တကယ့် သက်သေ အချက်အလက်တွေ အခိုင်အမာနဲ့ တင်ပြတာ ဖြစ်တယ်လို့ ထွန်းအိန္ဒြာဗိုလ်က ပြောပါ တယ်။

ဒီလိုတင်ပြတဲ့အခါမှာ အနုပညာသမားတွေက တင်ကြို စီစဉ် ပြင်ဆင်ထားတာကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးဇင်ဝိုင်း တယောက်တည်းကပဲ တင်ပြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဝန်ကြီး ဦးအောင်ကြည်ကတော့ အစွမ်းကုန် ကြိုးစား ဖြေရှင်းပေးမယ့် အကြောင်းနဲ့၊ ပူပေါင်း ဆောင်ရွက်မှုတွေ လုပ်မယ်ဆိုတဲ့ အကြောင်း ကတိပေးသွားတယ်လို့ ဆိုပါတယ်။

ပြန်ကြားရေး ဝန်ကြီးအသစ် ပြောင်းလဲ ခန့်အပ် လိုက်တာဟာ ရုပ်ရှင်လောက အတွက် တိုးတက်မှုတွေ ရှိလာမယ်လို့ ယုံကြည် မျှော်လင့်ကြောင်းကို ထွန်းအိန္ဒြာဗိုလ်က ပြောပါတယ်။

မြန်မာနိုင်ငံကို ခေတ္တရောက်ရှိနေတဲ့ ၈၈ ကျောင်းသား ခေါင်းဆောင်ဟောင်း တွေလည်း ဒီတွေ့ဆုံပွဲကို တက်ရောက်ခဲ့ကြပါတယ်။ သူတို့တတွေဟာ မြန်မာပြည် ရောက်တဲ့အချိန်မှာ နိုင်ငံထဲမှာ ဖြစ်ပျက်နေတဲ့ အခက်အခဲတွေကို လာပြီး နားထောင်တဲ့ သဘော ဖြစ်တယ်လို့ ထွန်းအိန္ဒြာဗိုလ်က ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။