BBC navigation

ကလေးစစ်သား ၄၂ ဦးကို မိဘများထံ ပြန်အပ်နှံ

နောက်ဆုံး ရေးသားချိန် 3 စက်တင်ဘာလ 2012 - 12:26 GMT

တစ်နှစ်ခွဲ အတွင်း ကလေးစစ်သား ပပျောက်ရေး လုပ်ဆောင် သွားမယ်လို့ ပြော

မြန်မာစစ်တပ်မှာ စစ်မှုထမ်းနေတဲ့ ကလေး စစ်သား ၄၂ ဦးကို စစ်တပ် ကနေ နှုတ်ထွက်ခွင့် ပြုပြီး မိဘ အုပ်ထိန်းသူတွေ ဆီကို ဒီကနေ့ အခမ်းအနားနဲ့ ပြန်လည် အပ်နှံခဲ့ ပါတယ်။

ရန်ကုန်မြို့ အမှတ်(၁) စစ်ကြောရေးနှင့် တည်းခိုရေး စခန်းမှာ ပြုလုပ်တဲ့ ပြန်လည် အပ်နှံတဲ့ အခမ်းအနားမှာ ကလေး စစ်သားတွေကို နှုတ်ထွက်ခွင့် လက်မှတ်နဲ့ နိုင်ငံစား စိစစ်ရေး ကပ်ပြားတွေ ကိုလည်း တခါတည်း ပေးအပ် လိုက်ပါတယ်။

ဆက်လက်ပြီးလည်း ကလေးစစ်သား ပပျောက်ရေး အတွက် စက်တင်ဘာလ ၃ ရက် ဒီကနေ့က စလို့ တစ်နှစ်ခွဲ အတွင်း လုပ်ဆောင်သွားဖို့ စစ်တပ်၊ ကုလသမဂ္ဂနဲ့ NGO တွေက ပူးတွဲ လုပ်ဆောင် သွားမယ်လို့ ပြောပါတယ်။

အခမ်းအနားကို မြန်မာနိုင်တွင်း ကုလသမဂ္ဂက ဖွဲ့စည်းပေးထားတဲ့ Country Task Force for Monitoring and Reporting (CTFMR) လို့ခေါ်တဲ့ နိုင်ငံတွင်း စောင့်ကြည့်လေ့လာ သတင်းပို့ရေး အဖွဲ့၊ ILO ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ် နဲ့ NGO အဖွဲ့အစည်းတွေ အပါအဝင် တခြား ကုလသမဂ္ဂ အဖွဲ့အစည်းတွေ လည်း တက်ရောက်ကြ ပါတယ်။

အရွယ် မရောက် သေးတဲ့ ကလေး သူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်ရန်နဲ့ အသက်မပြည့် သေးတဲ့ စစ်သားတွေကို တပ်ကနေ ထွက်ခွင့်ပေးဖို့ အတွက် မြန်မာအစိုးရနဲ့ ကုလသမဂ္ဂတို့ အကြား ဇွန်လက သဘောတူ လက်မှတ် ရေးထိုး ထားတာ ဖြစ်ပါတယ်။

သြဂုတ် ၂၀ ရက်ကလည်း အမှတ်(၁) စစ်သား စုဆောင်းရေး တပ်ရင်းမှာ ကျင်းပတဲ့ အခမ်းအနားမှာ ဗိုလ်ချုပ်တင်မောင်ဝင်းက ၂၀ဝ၇ ခုနှစ်က စပြီး အခုအချိန် အထိ ကလေးစစ်သား ၅၀ဝ ကို စစ်တပ်က ထွက်ခွင့် ပြုခဲ့ပြီ ဖြစ်တယ်လို့ ပြောကြားခဲ့ ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။