BBC navigation

သမ္မတကို ထောက်ခံတဲ့ မန္တလေး ဆန္ဒပြပွဲ ပိတ်ပင်ခံရ

နောက်ဆုံး ရေးသားချိန် 3 စက်တင်ဘာလ 2012 - 16:22 GMT
Mandalay

မန္တလေးမှာ သံဃာနဲ့ ပြည်သူတွေ ထောင်နဲ့ချီ စုရုံးခဲ့

သမ္မတ ဦးသိန်းစိန်ရဲ့ ရခိုင်ပြည်နယ် က ရိုဟင်ဂျာ မူဆလင် တွေနဲ့ ပတ်သက်တဲ့ သဘောထားကို ထောက်ခံ ဆန္ဒပြဖို့ အတွက် မန္တလေး မြို့ မစိုးရိမ် ကျောင်းတိုက်က ဆရာတော် ဦးဝီရသူ ရဲ့ တရားဝင် ခွင့်ပြုချက် လျှောက်ထားတာကို အာဏာပိုင် တွေက ခွင့်ပြုပြီးမှ ဒုတိယမြောက် နေ့မှာ ဆက်ဆန္ဒမပြဖို့ ပိတ်ပင် လိုက်ပါတယ်။

သတ်မှတ်ထားတဲ့ ဆန္ဒပြသူ အရေအတွက်ထက် မကျော်အောင် ထိန်းဖို့ အာဏာပိုင်တွေ ဖက်က တောင်းဆို ရာမှာ၊ ဘယ်လို ထိမ်းသိမ်း ကြမှာလဲ ဆိုတာနဲ့ ပတ်သက်လို့ ညှိနှိုင်း မရတဲ့ အတွက် အာဏာပိုင်တွေ ဖက်က ခွင့်မပြု နိုင်တဲ့ အကြောင်း စာထုတ်ပေး ခဲ့တယ်လို့ ဆန္ဒပြပွဲကို ဦးဆောင်တဲ့ ဆရာတော် ဦးဝီရသူ က ပြောပါတယ်။

ဒါပေမယ့်လည်း ဆန္ဒပြပွဲမှာ ပါဝင်ဖို့ ရောက်လာသူ လူတွေ ရာထောင်ချီပြီး တနင်္လာနေ့မှာ စုရုံး ခဲ့ကြ ပါတယ်။

ဘာကြောင့် ဒီအချိန်မှာ ဆန္ဒပြ ရတာလဲ ဆိုတဲ့ အကြောင်း ဆရာတော်ကို လျှောက်ထား မေးကြည့်တော့ ခုလို မိန့်ကြားခဲ့ပါတယ်။

ဆရာတော် ဦးဝီရသူ။ ။ လုပ်ချင်တာတော့ ကြာပြီဗျ။ သမ္မတကြီး ပြောကတည်းက လုပ်ချင်တာ။ အဲဒီတုန်းက ရခိုင်းမှာ အရေးက မအေး သေးဘူး။ မအေးသေးတဲ့ အချိန်မှာ ဆူပူမှုတွေ၊ မလိုလား အပ်တဲ့ ပြဿနာတွေ ဖြစ်နိုင်လို့ အေးတဲ့အချိန်ကျမှ လုပ်ရတာပေါ့။ အဓိက ဘယ်လိုကြောင့် ထောက်ခံသလဲ ဆိုလို့ရှိရင် ရခိုင် အရေးနဲ့ ပတ်သက်ပြီးတော့ သမ္မတကြီးရဲ့ ရပ်တည်မှုကို လေးစား လွန်းလို့ ထောက်ခံ တာပါ။

ဘီဘီစီ။ ။ ဒါပေမယ့် အရှင်ဘုရား၊ အခုရခိုင်မှာက အရှင်ဘုရား မိန့်သလို အခြေအနေက တည်ငြိမ်လာပြီ။ နောက်ပြီးတော့ ဒီအရေးကိစ္စနဲ့ ပတ်သက်လို့လည်း တရားမျှတမှု ရှိအောင် လွတ်လွတ် လပ်လပ် စုံစမ်း စစ်ဆေး နိုင်မယ့် အဖွဲ့အစည်းကို ဖွဲ့ပေးတယ် ဆိုပြီးတော့ သမ္မတကိုယ်တိုင်က ဖွဲ့ပေး ပြီးပြီ။ ဒီအချိန်မှာ ဆန္ဒပြတော့ ပြဿနာ အဟောင်းဟာ အသစ် ပြန်မဖြစ်လာ နိုင်ဘူးလား ဘုရား။

ဆရာတော်။ ။ မဖြစ်လာနိုင်ပါဘူး။ ရခိုင်အေးချမ်းတယ်လို့ ခင်ဗျားတို့က ယူဆ မအေးချမ်းသေးဘူးဗျ။

ဘီဘီစီ။ ။ အေးချမ်းတယ်လို့ မပြောပါဘူး ဘုရား။ အရင်ကထက် စာရင်တော့ တည်ငြိမ် လာပြီပေါ့။ အရှင်ဘုရားက မအေးချမ်းဘူး ဆိုရင်တောင်မှ အခုလို ဆန္ဒပြ တဲ့အတွက် ပိုပြီး အခြေအနေ မဆိုးနိုင် ဘူးလား ဘုရား။

ဆရာတော်။ ။ မဆိုးနိုင်ပါဘူးဗျ။ ရခိုင်မှာ နေရတာ ရခိုင်လူမျိုးက ရခိုင်ပြည်နယ်သာ ဖြစ်တာ၊ ရခိုင်က အနည်းစု ဖြစ်နေပြီ။ တချို့မြို့တွေ မှာလေ။ အဲဒီတော့ သူတို့တတွေဟာ တစိမ်းရန်ကို ကြောက်ပြီးတော့ ကြောက်ကြောက် လန့်လန့်နဲ့ ကျီးလန့်စာစား ဘဝ ဖြစ်နေတယ်။ အဲဒီတော့ မြန်မာ တနိုင်ငံလုံး၊ မြန်မာ တမျိုးသားလုံးက ရခိုင် တွေနဲ့ တသားတည်းရှိတယ်၊ တသွေးတည်းရှိတယ် ဆိုတာကို ပြသော အားဖြင့်၊ အဲဒီ ကြောက်ကြောက် လန့်လန့်နဲ့ နေရတဲ့ ရခိုင် တွေကို အားပေးပြီးသား ဖြစ်သွားတာပေါ့ဗျာ။

ဘီဘီစီ။ ။ အခုက ပြဿနာကို အကောင်းဆုံး ဘယ်လို ဖြေရှင်းမလဲ ဆိုတဲ့ နေရာမှာ အရှင်ဘုရား၊ ဒီဆန္ဒပြတဲ့ နည်းသာ အကောင်းဆုံးလို့ ယုံကြည် ပါလား ဘုရား။

ဆရာတော်။ ။ ဦးဇင်းတို့က အကောင်းဆုံးလို့ မယုံကြည် ပါဘူး။ ရိုဟင်ဂျာဆိုတာ တိုင်းရင်းသား ထဲမှာ မပါဘူး။ ယူအန် ဘက်လိုက် တာတွေ ရပ်စေချင်လို့ ပြတာပါ။ ဒါပါဘဲ။

ဘီဘီစီ။ ။ ဒီတော့ တကယ်လို့ အဲဒီအကြောင်း အရာဟာ သမ္မတ ပြောတာနဲ့ အရှင်ဘုရား ဆန္ဒနဲ့လည်း တထပ်ထဲ ဖြစ်တယ် ဆိုလို့ရှိရင် အရှင်ဘုရား ဆန္ဒပြတယ် ဆိုတာက အရေးယူပေး စေချင် တာလား။ ဒါမှ မဟုတ်ရင် ဘယ်လိုဖြစ်စေချင် တာလဲဘုရား။

ဆရာတော်။ ။ သမ္မတကြီး ပြောတဲ့ အထဲမှာ ပါပြီးသားလေ။ သူတို့တွေကို ဒုက္ခသည် စခန်း အဖြစ် ထားရှိမယ်။ ယူအန်အိတ်ချ် စီအာ က ထောက်ပံ့ပေးပါ။ သို့မဟုတ် တတိယ နိုင်ငံက လိုချင်ရင် ပေးမယ်။ ပို့ပေးမယ်။ ဒါဘဲလေ။

ဘီဘီစီ။ ။ အဲဒီတိုင်းဆိုရင်ကော ပြဿနာက ပြေလည် သွားနိုင်ပါလား။

ဆရာတော်။ ။ ပြဿနာ ကတော့ ပြေလည်ရမှာပေါ့ဗျာ။ အဲဒီ ခိုးဆိုး သောင်းကျန်းတဲ့လူ မရှိဘူးဆိုရင် ပြဿနာက ပြေလည် သွားမှာ ဘဲလေ။

ဘီဘီစီ။ ။ ခိုးဆိုး သောင်းကျန်းတယ် ဆိုတဲ့သူက သူ့ဥပဒေ အရ အရေးယူမယ် ဆိုတာ ရှိပြီးသား မဟုတ်လား ဘုရား။ ဥပမာ မီးရှို့တဲ့သူတို့ ဆူပူမှု ဖြစ်အောင် လှုံ့ဆော်တဲ့ သူတို့ကို ဥပဒေ အရ အရေးယူမယ်။ အဲဒီလို အရေးယူ နိုင်အောင်လို့လည်း ဘက်မလိုက်တဲ့၊ ကြားနေ တရားမျှတတဲ့ စုံစမ်း စစ်ဆေးရေး အဖွဲ့ ဆိုတာလည်း အခု ဖွဲ့ထား ပြီးပြီ မဟုတ်လား။ အရှင်ဘုရားက ဆန္ဒပြတယ် ဆိုလို့ရှိရင်၊ အဲဒီအဖွဲ့ တွေဆီက တစုံတရာ အဖြေ ရလဒ် ထွက်လာတဲ့အထိရော မစောင့်သင့် ဘူးလား။

ဆရာတော်။ ။ အဲဒီအဖွဲ့တွေ သိစေချင် လို့ကို ပြတာလေဗျာ။ အဲဒီအဖွဲ့တွေ ထဲမှာ ဗုဒ္ဓဘာသာ ဘုန်းကြီးက ဘယ်နှစ်ပါး ပါလို့တုန်း။

ဘီဘီစီ။ ။ ဒါဆိုတော့ဒီအဖွဲ့ တွေက ကြားမနေ ဘူးလို့ အရှင်ဘုရား ယူဆပါလား

ဆရာတော်။ ။ သူတို့ အဖြေ ထွက်လာရင်တော့ ကြည့်ရမှာပေါ့။

ဘီဘီစီ။ ။ အဲဒီတော့ သူတို့အဖြေ ထွက်လာရင်လည်း အရှင်ဘုရား ဒီဟာက တကယ်လို့ သမ္မတပြောထားတဲ့ ပုံစံအတိုင်း တတိယ နိုင်ငံ ပို့တာ၊ သို့မဟုတ် ဒုက္ခသည် စခန်း ပို့တဲ့ ပုံစံမျိုး မဟုတ်လို့ ရှိရင် ထပ်ပြီးဆန္ဒပြမှာလား။ အရှင်ဘုရားရဲ့ တကယ့်ရည်ရွယ် ချက်က ဘယ်လို ဖြစ်ချင်တာ ပါလဲ။

ဆရာတော်။ ။ တကယ့် ရည်ရွယ်ချက် ကတော့ အားလုံး အေးဆေး ချင်တာပေါ့။ ခိုးလည်း ဝင်လာသေးတယ်၊ အိမ်ရှင်ကိုလည်း မောင်းထုတ် သေးတယ် ဆိုရင် ခင်ဗျား လက်ခံမှာလား။

ဘီဘီစီ။ ။ တပည့်တော်ကတော့ ခိုးဝင်လာတဲ့သူတို့ မောင်းထုတ်တာတို့ ကိုပြောတာ မဟုတ်ပါဘူး ဘုရား။ ပြဿနာကို ပြေလည်အောင်လို့ အရှင်ဘုရားရဲ့ အမြင်ကို မေးတာပါ။ ပြီးတော့ ဆန္ဒပြတဲ့အမြင်ကို မေးတာပါ။

ဆရာတော်။ ။ ဟုတ်တယ်လေ၊ ခိုးလဲ ဝင်လာသေးတယ်။ တိုင်းရင်းသားလည်းတောင်းဆိုသေးတယ်။ တိုင်းရင်းသားတွေကိုလည်းမောင်းထုတ် သေးတယ် ဆိုရင် အဲဒီပုဂ္ဂိုလ် တွေကို ကျုပ်တို့က မရှိစေချင်လို့ ဆန္ဒပြနေတာ။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။