BBC navigation

ဝန်ကြီး ဌာန ပြင်ဆင် ဖွဲ့စည်း ရေး ပြည်ထောင်စု လွှတ်တော် အတည်ပြု

နောက်ဆုံး ရေးသားချိန် 4 စက်တင်ဘာလ 2012 - 15:24 GMT
Burma Parliament

ပြည်ထောင်စု လွှတ်တော်က သမ္မတရဲ့ ဝန်ကြီး ဌာန ပြင်ဆင် ဖွဲ့စည်း ရေးကို ထောက်ခံ

သမ္မတ ဦးသိန်းစိန်က ဝန်ကြီးဌာန တချို့ကို ဖျက်သိမ်း ပြီးတဲ့နောက် တချို့ကို ထပ်တိုးပြီး ဝန်ကြီး ဌာန ၃၆ ဌာနမှာ ဝန်ကြီး ၃၆ ယောက် ထားရှိဖို့ ဆိုတဲ့ ဝန်ကြီး ဌာန ပြင်ဆင် ဖွဲ့စည်း ရေးနဲ့ ပတ်သက်တဲ့ အဆို ပြုချက်ကို ပြည်ထောင်စု လွှတ်တော်က အင်္ဂါနေ့က အတည်ပြု ပေးလိုက် ပါတယ်။

လက်ရှိ လျှပ်စစ် ဝန်ကြီး ဌာန အမှတ် ၁ နဲ့ ၂ ကို လျှပ်စစ် ဝန်ကြီး ဌာန တခု တည်း အဖြစ် ပေါင်း လိုက်ပြီး သမ္မတရုံး ဝန်ကြီး ဌာန တွေကိုတော့ ၄ ခု ထပ်တိုး လိုက်ပါတယ်။

ဖျက်သိမ်း လိုက်တဲ့ ဝန်ကြီး ဌာန တစ်ခု ကတော့ မြန်မာ စက်မှု ဖွံ့ဖြိုးရေး ဝန်ကြီး ဌာန ဖြစ် ပါတယ်။

လစ်လပ် နေတဲ့ ဝန်ကြီး ဌာန ၁ဝ ခု အတွက် မြောက်ပိုင်း တိုင်းမှူး ဗိုလ်ချုပ် ဇေယျာအောင် နဲ့ လက်ရှိ ဒုတိယ ဝန်ကြီး တွေကို ခန့်ထားဖို့ လျာထားသူ ကျန် ၉ ယောက်ရဲ့ အမည် စာရင်း တို့ကို တင်ပြခဲ့ပါတယ်။

ဒါ့အပြင် ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ် လှမင်းရဲ့ နေရာမှာ ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်ကို အစား ထိုးခန့် ဖို့လည်း ပြည်ထောင်စု လွှတ်တော်ကို တင်ထား ပါတယ်။

ပြည်ထောင်စု စာရင်းစစ်ချုပ် အဖြစ် ဦးသိန်းထိုက်ကို ခန့် အပ် ဖို့လည်း လွှတ်တော်ကို တင်ထား ပါတယ်။

သောကြာနေ့ မှာ ပြုလုပ်မယ့် ပြည်ထောင်စု လွှတ်တော်မှာ ဒီကိစ္စတွေကို အတည်ပြု နိုင်တယ်လို့ လွှတ်တော် အမတ်တွေက ပြောကြ ပါတယ်။

အင်္ဂါနေ့ ပြည်ထောင်စု လွှတ်တော်မှာ သမ္မတ တင်ပြထားတဲ့ ဝန်ကြီး ဌာနတွေ သတ်မှတ် ရေးနဲ့ ပတ်သက်ပြီး အမတ် ၉ ယောက် ဝင်ရောက် ဆွေးနွေးခဲ့ ပါတယ်။

အဲ့ဒီအထဲမှာ ၇ ယောက်က ဝန်ကြီး ဌာနတွေ ဖေါင်းပွ နေတယ် ဆိုတာနဲ့ သမဝါယမ၊ ပြန်ကြားရေး စတဲ့ ဝန်ကြီးဌာနတွေကို ဦးစီးဌာန အနေနဲ့ လုပ်လို့ ရတယ် ဆိုတာ တွေကို ထောက်ပြ ခဲ့ကြ ပေမဲ့ နောက်ဆုံး မဲခွဲ ဆုံးဖြတ်တဲ့ အခါမှာ သမ္မတ တင်ပြထားတဲ့ အတိုင်း ဝန်ကြီး ဌာန ၃၆ ခုမှာ ဝန်ကြီး ၃၆ ယောက် ထားရှိဖို့ အမတ် ၅ဝဝ ကျော်က ထောက်ခံ အတည်ပြု ပေးလိုက် ပါတယ်။

အခု အသစ် ဖွဲ့လိုက်တဲ့ သမ္မတရုံး ဝန်ကြီး ဌာန ၆ ခုဟာ ငြိမ်းချမ်းရေး၊ နိုင်ငံခြားရင်းနှီး မြှုပ်နှံရေး၊ တိုင်းနဲ့ ပြည်နယ် အစိုးရ တွေနဲ့ ပေါင်းစပ် ညှိနှိုင်းရေး စတဲ့ လုပ်ငန်း တာဝန် တွေကို လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ သမ္မတရဲ့ သဝဏ်လွှာ ထဲမှာ ဖေါ်ပြထား တာကို လွှတ်တော် အမတ် ဦးဖုန်းမြင့်အောင်က ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။