BBC navigation

ဦးမောင်မောင် မြန်မာပြည်ပြန်

နောက်ဆုံး ရေးသားချိန် 4 စက်တင်ဘာလ 2012 - 16:29 GMT

မြန်မာနိုင်ငံ အလုပ်သမားရေးကို ပြည်ပကနေ ဦးမောင်မောင် ဆောင်ရွက်ခဲ့

ပြည်ပမှာ အခြေစိုက်ပြီး နိုင်ငံရေး၊ အလုပ်သမားရေးတွေ ဆောင်ရွက်နေတဲ့ NCUB ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ကောင်စီနဲ့ FTUB မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင် ဟာ ဒီကနေ့မနက်က မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိလာပါတယ်။

ဒါပေမယ့် ဦးမောင်မောင်က သူ မြန်မာနိုင်ငံကို ပြန်လာတာဟာ အဖွဲ့အစည်း ကိုယ်စားလှယ် အဖြစ် မဟုတ်ပဲ တသီးပုဂ္ဂလ ပုဂ္ဂိုလ်တဦး အနေနဲ့ ပြန်လာတာ ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

သူဟာ မြန်မာနိုင်ငံတွင်းမှာ အဖျက်လုပ်ငန်းတွေ စီစဉ် ဆောင်ရွက်သူအဖြစ် စစ်အစိုးရလက်ထက်က ဝေဖန် စွပ်စွဲခံခဲ့ရသူ ဖြစ်ပါတယ်။

ပြည်တွင်းမှာ ပြုပြင်ပြောင်းလဲမှုတွေ ရှိနေတဲ့ အပေါ် ဘယ်နေရာက ပါဝင်ကူညီလို့ ရမလဲ၊ ပြည်တွင်းမှာ ရှိတဲ့ အလုပ်သမား သမဂ္ဂတွေကို အပြည်ပြည်ဆိုင်ရာ အလုပ်သမား သမဂ္ဂတွေနဲ့ အဆင့်ချင်း မှီအောင် ဘယ်လို ဝိုင်းဝန်း လုပ်ဆောင်လို့ ရမလဲ ဆိုတာတွေအတွက် သူမြန်မာပြည်ကို လာရောက်တာလို့ ဦးမောင်မောင်က ပြောပါတယ်။

သူ့အနေနဲ့ အနှစ် ၂၀ကျော် လုပ်ဆောင်ခဲ့တဲ့ အလုပ်သမား သမဂ္ဂနဲ့ ပတ်သက်တဲ့ လုပ်ငန်းအတွေ့အကြုံတွေ ရှိနေပြီး မြန်မာနိုင်ငံမှာ ပြည်ပ ရင်းနှီး မြှုပ်နှံမှုတွေ ဝင်လာမယ် ဆိုရင် အလုပ်သမား၊ အလုပ်ရှင်၊ အစိုးရ၊ ဥပဒေကြောင်းအရ ဘယ်လို ပြင်ဆင်မှုတွေ လုပ်ရမလဲ၊ILO က အတွေ့အကြုံတွေကို ဘယ်လို အသုံးပြုလို့ ရမလဲ ဆိုတာတွေကို ဆွေးနွေး အကြံပြုဖို့ ဆန္ဒရှိတယ်လို့ ဦးမောင်မောင်က ဘီဘီစီကို ပြောပါတယ်။

မြန်မာနိုင်ငံထဲ ခုမှ ဝင်ခွင့် ရပေမယ့် မဝင်ခင်ကတည်းကိုက ပြည်တွင်းမှာ တည်ဆောက်မှု လုပ်ငန်းတွေ ၊ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ၊ သင်တန်းတွေ အများကြီး စီစဉ် ဆောင်ရွက်ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။