BBC navigation

မြောင်းမြ NLD အဖွဲ့ဝင် နှစ်ယောက် ကို ယာယီ ရပ်ဆိုင်း

နောက်ဆုံး ရေးသားချိန် 4 စက်တင်ဘာလ 2012 - 15:47 GMT
NLD Flag

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဌာနချုပ်

မြောင်းမြမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် နှစ်ယောက်ကို ပါတီ အဖွဲ့ဝင် အဖြစ်ကနေ ယာယီ ရပ်ဆိုင်း လိုက်ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တရားဝင် စာထုတ်ပြီး အဖွဲ့ဝင် အဖြစ်ကနေ ရပ်ဆိုင်း ခံလိုက်ရသူ တွေကတော့ မြောင်းမြမြို့က ဦးမြင့်ကျော်နဲ့ ဦးဝင်းရွှေ ခေါ် ဦးရွှေမှိုင်း တို့ ဖြစ်ကြ ပါတယ်။

မြောင်းမြမြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းမှာ အရင် အစဉ်အဆက်က ပါဝင် ဆောင်ရွက် ခဲ့ကြသူ တွေနဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး လှုပ်ရှားမှု နောက်ပိုင်း မှာ ခေါင်းဆောင် လာကြတဲ့ အဖွဲ့ နှစ်ဖွဲ့ ကွဲပြား နေပါတယ်။

အရင် ကလည်း ဒီနှစ်ဖွဲ့ အကြားမှာ အငြင်းပွားမှု ဖြစ်ခဲ့ ဖူးတဲ့ အတွက် ရန်ကုန် ရုံးချုပ်ကို တိုင်ကြားခဲ့ ဖူးပြီး အဖွဲ့ချုပ် နာယက ဦးတင်ဦး ရှေ့မှောက်မှာ ဆွေးနွေး ခဲ့ကြ ဖူးတယ်လို့လည်း ဆိုပါတယ်။

အဲဒီလို တိုင်ကြား ဆွေးနွေးခဲ့ ရာမှာ သူတို့ ကျေနပ် လောက်တဲ့ ဖြေရှင်းမှုမျိုး မရလို့ ဦးမြင့်ကျော်က ဦးဆောင်ပြီး မြောင်းမြမြို့မှာ ဆန္ဒပြပွဲ ပြုလုပ်ခဲ့ ပါတယ်။

ဦးရွှေဝင်း ကတော့ ဆန္ဒပြရာမှာ မပါဝင် ခဲ့ဘူးလို့ ဆို ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုက စုံစမ်းရေး အဖွဲ့ စေလွှတ်ပြီး နောက်မှာ သူတို့ နှစ်ဦးကို ပါတီဝင် အဖြစ်ကနေ ယာယီ ရပ်ဆိုင်းကြောင်း ကြေညာ လိုက်တာဖြစ်ပါတယ်။

စုံစမ်းရေး အဖွဲ့မှာ တခြား တိုင်းက လူတွေကို စေလွှတ်ပြီး အသေအချာ စစ်ဆေးခိုင်း ခဲ့ပြီးမှသာ အခုလို ရပ်ဆိုင်းလိုက်တာ ဖြစ်တယ်လို့ အဖွဲ့ချုပ် နာယက ဦးတင်ဦးက ပြောပါတယ်။

အဖွဲ့ဝင် အဖြစ်က ယာယီ ရပ်ဆိုင်း ခံလိုက်ရတဲ့ ဦးမြင့်ကျော်နဲ့ ဦးဝင်းရွှေကတော့ စုံစမ်းရေး အဖွဲ့နဲ့ သူတို့နဲ့ တွေ့တောင် မတွေ့လိုက် ရဘူးလို့ ပြော ပါတယ်။

တွံတေးမြို့ မှာလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကော်မရှင် အဖွဲ့ဝင် ဖွဲ့စည်းမှုနဲ့ ပတ်သက်ပြီး ကျေနပ်မှု မရှိတာနဲ့ ပါတီဝင် လျှောက်လွှာတွေ ပေျာက်ဆုံးတာရယ် တို့ကို အကြောင်းပြုပြီး ဆန္ဒပြခဲ့ကြ ပါတယ်။

ဗဟို ဦးစီး စနစ် ကျင့်သုံးတာကို ကန့်ကွက်တယ် ဆိုပြီးလည်း ဆိုင်းဘုတ် ကိုင်ဆောင် ဆန္ဒပြကြ ပါတယ်။

အဖွဲ့ချုပ် နာယက ဦးတင်ဦး ကတော့ အဖွဲ့ချုပ် အနေနဲ့ ဒီမိုကရေစီ ကျင့်စဉ် ကိုပဲ ကျင့်သုံးပြီး ဗဟို ဦးစီး စနစ်ကို ဘယ်တုန်းကမှ မကျင့်သုံးဘူးလို့ ဘီဘီစီကို ပြောပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။