BBC navigation

မသန်စွမ်း သူ အဖွဲ့တွေနဲ့ ၈၈ ကျောင်းသားများ တွေ့ဆုံ

နောက်ဆုံး ရေးသားချိန် 5 စက်တင်ဘာလ 2012 - 16:11 GMT
Burmese disabled girl

မသန်စွမ်းသူတွေကို လူမှု အသိုင်း အဝိုင်းထဲမှာ ပိုမို လက်ခံ လာဖို့ လို

မြန်မာ နိုင်ငံ မသန်စွမ်း သူများ ရှေ့ဆောင် အဖွဲ့နဲ့ မြန်မာ နိုင်ငံ နားမကြား သူများ ရင်းမြစ် စင်တာ တို့က ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့နဲ့ ဗုဒ္ဓဟူး နေ့က တွေ့ဆုံ ဆွေးနွေး ခဲ့ကြ ပါတယ်။

နိုင်ငံရေး ဆောင်ရွက် သူတွေ ဖြစ်တဲ့ ၈၈ မျိုးဆက် ကျောင်းသား တွေကို မသန်စွမ်းသူ တွေက ပထမဆုံး အကြိမ် အခုလို သွားရောက် တွေ့ဆုံတာ ဖြစ်ပါတယ်။

မသန်စွမ်းတွေနဲ့ ပတ်သက်တဲ့ အမြင်သစ် သဘော တရားတွေကို သတင်း ဖြန့်ဝေ ပေးနိုင်ရေး အစီအစဉ် အတွက်နဲ့ မသန်စွမ်း ရေးရာ ကိစ္စ တွေမှာ ၈၈ ကျောင်းသား တွေ ဘက်က ပူးပေါင်း ဆောင်ရွက်မှုကို လိုချင်တဲ့ အတွက် ဖြစ်တယ်လို့ မသန်စွမ်း သူများ ရှေ့ဆောင်အဖွဲ့ လုပ်ငန်း ဆောင်ရွက်ရေး ဒါရိုက်တာ ဦးအောင်ကိုမြင့် ကပြော ပါတယ်။

အရင်တုန်းက ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ ဝင်တွေ လွှတ်တော် ကိုယ်စားလှယ် တွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ သလို အသိ ပညာပေးရေး ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွေ ပြုလုပ် ခဲ့ဖူးတယ်လို့ လည်း သူက ဆိုပါတယ်။

ဖွံ့ဖြိုးရေး လုပ်ငန်း တွေကို ထဲထဲ ဝင်ဝင် လုပ်ဆောင် နေကြသူတွေ၊ အစိုးရ အာဏာပိုင် အဖွဲ့ အစည်း တွေနဲ့ အာဏာပိုင် အဖွဲ့ အစည်း တွေကို ပေါက်ရောက် အောင် ပြောဆို နိုင်မယ့်သူ တွေကို ရွေးချယ်ပြီး ဆွေးနွေး တာတွေ၊ အလုပ်ရုံ ဆွေးနွေးပွဲတွေ ပြုလုပ်လေ့ ရှိတယ်လို့ ဦးအောင်ကိုမြင့် ကပြော ပါတယ်။

မသန်စွမ်း အဖွဲ့ အစည်းတွေ အနေနဲ့ မသန်စွမ်း သူတွေ လူမှု အသိုင်း အဝိုင်းထဲမှာ ပိုမို ဝင်ဆံ့ လာနိုင်ရေး လုပ်ငန်း စီမံချက်ကို အကောင် အထည် ဖော်နေ ရာမှာ မသန်စွမ်းသူတွေ စွမ်းအား မြှင့်တင်ရေး၊ အသိပညာ ပေးနိုင်ဖို့ ခေါင်းဆောင်မှု အရည် အချင်း သင်တန်း တွေမှာ ၈၈ မျိုးဆက် ကျောင်းသား တွေရဲ့ အတွေ့ အကြုံ တွေကို လိုချင်တယ် လို့ဆိုပါတယ်။

လောလောဆယ်မှာတော့ မသန်စွမ်းသူများ ရင်ဆိုင်နေရတဲ့ အခက် အခဲတွေ၊ နိုင်ငံတကာမှာ မသန်စွမ်းသူတွေနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှု တွေကို ၈၈ ကျောင်းသားတွေ သိအောင် ရှင်းလင်း ပြောပြ ခဲ့တာ ဖြစ်ပြီး ၈၈ ကျောင်းသားတွေ ဘက်ကလည်း မသန်စွမ်းသူတွေ အတွက် ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို မသန်စွမ်း အဖွဲ့ အစည်း တွေနဲ့ အတူ လက်တွဲ ဆောင်ရွက် သွားပြီး အသိပညာပေး လုပ်ငန်းတွေမှာ ပါဝင် လုပ်ဆောင် ပေးမယ်လို့ ပြောခဲ့ကြောင်း ဦးအောင်ကိုမြင့် က ဘီဘီစီကို ပြော ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။