BBC navigation

အခြေခံ ဥပဒေ ခုံရုံးဥက္ကဌနဲ့အဖွဲ့ဝင်တွေ နှုတ်ထွက်

နောက်ဆုံး ရေးသားချိန် 6 စက်တင်ဘာလ 2012 - 16:02 GMT

လွှတ်တော်က ဖွဲ့ထားတဲ့ ကော်မီတီအဖွဲ့တွေဟာ ပြည်ထောင်စု အဆင့်မဟုတ်ဘူးလို့ ဖွဲ့စည်းပုံ ဥပဒေခုံရုံးက ဆုံးဖြတ်ခဲ့

မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဌနဲ့ ခုံရုံး အဖွဲ့ဝင်အားလုံးကို သူတို့ရဲ့ သဘောဆန္ဒအတိုင်း ရာထူးက နှုတ်ထွက်ခွင့် ပြုလိုက်ကြောင်း သမ္မတ ဦးသိန်းစိန်က အမိန့်အမှတ် ၂၉ / ၂၀၁၂နဲ့ ထုတ်ပြန် ကြေညာလိုက်ပါတယ်။

လွှတ်တော်က ဖွဲ့စည်းထားတဲ့ ကော်မရှင်၊ ကော်မီတီနဲ့ အခြား အဖွဲ့အစည်းတွေဟာ ပြည်ထောင်စု အဆင့် မဟုတ်ဘူးဆိုတဲ့ ဖွဲ့စည်းပုံ ဥပဒေ ခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို လွှတ်တော်က လက်မခံပဲ စွပ်စွဲ ပြစ်တင်ဖို့ ဆုံးဖြတ်ချက် ချခဲ့တဲ့ ဒီကနေ့မှာပဲ ခုံရုံး ဥက္ကဌနဲ့ ခုံရုံး အဖွဲ့ဝင်တွေ အခုလို ရာထူးကနေ နှုတ်ထွက်သွားခဲ့ကြတာပါ။

ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်က ဖွဲ့စည်းထားတဲ့ ကော်မတီ ၊ ကော်မရှင်တွေဟာ ပြည်ထောင်စု အဆင့် မဟုတ်ဘူးလို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးက ဆုံးဖြတ်ချက် ချတာဟာ တာဝန်မကြေပြွန်ဘူး၊ လုပ်ပိုင်ခွင့်ကို ကျော်လွန် လုပ်တာ ဖြစ်တယ်ဆိုပြီး အမျိုးသားလွှတ်တော်က စွပ်စွဲ ပြစ်တင် ထားတာပါ။

အဲဒီစွပ်စွဲ ပြစ်တင်ချက်ကို ပြည်သူ့လွှတ်တော်က စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့ အစီရင်ခံစာ ပြုစုပြီး လွှတ်တော်ကို တင်ပြတာကို အမျိုးသားလွှတ်တော်က ထောက်ခံမဲ ၃ဝ၇ မဲနဲ့ အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

ပြည်ပ အခြေစိုက် ဥပဒေ ပညာရှင် ဦးအောင်ထူးကတော့ အခု ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ကြည့်ခြင်းအားဖြင့် လွှတ်တော်ကပဲ ကြီးစိုးသွားမယ့် သဘောမျိုး တွေ့ရပြီး ဥပဒေ စိုးမိုးရေး အခြေခံကနေ ဖွဲ့စည်းပုံ အခြေခံဥပဒေကို တဖြည်းဖြည်း ပြင်သွားရေး လုပ်ငန်းစဉ်ဟာ မျှော်လင့်ချက် အတော်နည်းသွားပြီလို့ သုံးသပ်ပါတယ်။

လွှတ်တော်ထဲမှာ ရွေးကောက်ခံ ကိုယ်စားလှယ် အနည်းစုပဲ ပါတာမို့ နောင်ဆိုရင် အရေးပါတဲ့ ကိစ္စရပ်တွေကို ဆုံးဖြတ်တဲ့ အခါ အခုလို ပြည်သူ လူထုရဲ့ သဘောဆန္ဒ တင်ပြခွင့် မရှိပဲ လွှတ်တော်တခုတည်းရဲ့ သဘောနဲ့ ဆုံးဖြတ်နိုင်တဲ့ အခြေအနေမျိုး ရှိနေတဲ့အတွက် မြန်မာ့ နိုင်ငံရေးမှာ အတော်လေး အန္တရာယ်ကြီးတယ်လို့ ရှေ့နေ ဦးအောင်ထူးက ပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။