BBC navigation

ဝန်ကြီးသစ် တွေထဲမှာ အမျိုးသမီး တစ်ယောက်ပါလာ

နောက်ဆုံး ရေးသားချိန် 7 စက်တင်ဘာလ 2012 - 16:17 GMT
Burma Parliament

မြန်မာ နိုင်ငံက ပါလီမန် အမတ်များ

မြန်မာ နိုင်ငံ ဝန်ကြီး ဌာန အသီးသီးမှာ လစ်လပ် နေတဲ့ ပြည်ထောင်စု ဝန်ကြီး ရာထူး နေရာ တွေမှာ ခန့်ထားဖို့ သမ္မတက လွှတ်တော်ကို တင်ထားတဲ့ ဝန်ကြီး အသစ် ၁၁ ယောက်ကို ပြည်ထောင်စု လွှတ်တော်က အတည်ပြု ခဲ့ပါတယ်။

သမ္မတသစ် တက်လာပြီးနောက်ပိုင်း ဝန်ကြီး အသစ် အများကြီး ပြောင်းလဲ ခန့်ထားတာ အခု အကြိမ်ဟာ ပထမဆုံး ဖြစ်ပါတယ်။

စက်တင်ဘာလ ၇ ရက် သောကြာနေ့က အတည်ပြု ပေးလိုက် ပြီးနောက် ဝန်ကြီးတွေက လွှတ်တော်မှာ ကျမ်းသစ္စာ ကျိမ်ဆိုခဲ့ ပါတယ်။

ခန့်ထားတဲ့ ဝန်ကြီး အသစ် ၁၁ ယောက် ထဲမှာ ကာကွယ်ရေး ဝန်ကြီး အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင် ဖြစ်လာပြီး၊ ရထား ပို့ဆောင်ရေး ဝန်ကြီး က ဗိုလ်ချုပ် ဇေယျာအောင် ဖြစ်ပါတယ်။

ကျန်းမာရေး ဒုတိယ ဝန်ကြီး ဖြစ်တဲ့ ဒေါက်တာ ဒေါ်မြတ်မြတ် အုန်းခင် ကတော့ ဆယ်စု နှစ်ပေါင်း များစွာ အတွင်း ပထမဦးဆုံး အမျိုးသမီး ဝန်ကြီး ဖြစ်လာပါတယ်။ သူ့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီး ဌာနရဲ့ ဝန်ကြီး အဖြစ် ခန့်အပ်ခဲ့ တာပါ။

အစိုးရ အဖွဲ့ အတွင်းမှာ အမျိုးသမီး ဝန်ကြီး တစ်ယောက် ပါလာ တာဟာ အမျိုးသမီးတွေ အတွက် အားတက်စရာ ဖြစ်တယ်လို့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက ပြည်သူ့ လွှတ်တော် အမတ် ဒေါ်ဒွဲဘူက ဘီဘီစီကို ပြော ပါတယ်။ နောက်နောင် မှာလည်း အမျိုးသမီး ဝန်ကြီးတွေ ပိုမို ခန့်ထားသင့်တယ် လို့ သူက ပြော ပါတယ်။

အခု ခန့်ထားတဲ့ ဝန်ကြီး အသစ် အများစုဟာ အရင်က ဒုတိယဝန်ကြီး တာဝန် ယူခဲ့ကြ သူတွေ ဖြစ်ကြ ပါတယ်။

သမ္မတ အမိန့်နဲ့ သောကြာနေ့က ထုတ်ပြန်လိုက်တဲ့ ခန့်ထားမှုတွေကတော့ မူလက လျှပ်စစ် ဝန်ကြီး ဌာန အမှတ် ၂ ရဲ့ ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုး ကို လျှပ်စစ် ဝန်ကြီးဌာန နှစ်ခုကို တစ်ခုတည်း ပေါင်းလိုက်ပြီး လျှပ်စစ် ဝန်ကြီး နေရာ၊ ဦးသိန်းထိုက် ကို ပြည်ထောင်စု စာရင်းစစ်ချုပ် ရာထူး နေရာတို့မှာ ခန့်ထားလိုက် ပါတယ်။

အခု ဝန်ကြီး ခန့်အပ်မှု တွေကို ကြည့်ရင် အမျိုးသမီး ဝန်ကြီး တစ်ယောက် ပါလာတာ၊ ပညာရှင်တွေ ပါလာတာကို ကြည့်ရင် တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး ပြုပြင် ပြောင်းလဲမှု တွေမှာ ပညာရှင် တွေရဲ့ အရေးပါမှုကို အလေးထားလာတာ ဖြစ်တယ်လို့ ဗဟု ဖွံ့ဖြိုးရေး အဖွဲ့က ဦးအောင်သူငြိမ်း က ပြောပါတယ်။

ဝန်ကြီး သစ်တွေထဲမှာ ရထား ပို့ဆောင်ရေး ဝန်ကြီး အဖြစ် ဗိုလ်ချုပ် ဇေယျာအောင်ကို ခန့်ထားတာနဲ့ ပတ်သက်လို့ ဦးအောင်သူငြိမ်းရဲ့ အမြင်ကို မေးရာမှာ လက်ရှိ နိုင်ငံ့တာဝန် ယူထားကြသူ တွေ အများစုဟာ အရင်က စစ်တပ်က ခေါင်းဆောင်တွေ ဖြစ်ကြတာကြောင့် သူတို့ ယုံကြည်ရသူ စိတ်ချ နိုင်မယ့် သူတွေကို ရာထူးတွေ ပေးထား တာဟာ အရင်က စနစ်ဟောင်းက ပုံစံမျိုး တစိတ် တပိုင်းတော့ ပါနိုင် တယ်လို့ ပြောပါတယ်။

ဝန်ကြီး အသစ် စာရင်း အပြည့် အစုံ

  1. ကာကွယ်ရေး ဝန်ကြီး - ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်
  2. ဆောက်လုပ်ရေး ဝန်ကြီး - ဦးကျော်လွင်
  3. ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီး - ဦးဝင်းရှိန်
  4. ယဉ်ကျေးမှု ဝန်ကြီး ဝန်ကြီး - ဦးအေးမြင့်ကြူ
  5. ရထား ပို့ဆောင်ရေး ဝန်ကြီး - ဗိုလ်ချုပ် ဇေယျာအောင်
  6. လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီး - ဒေါက်တာမြတ်မြတ်အုန်းခင်
  7. သိပ္ပံနှင့် နည်းပညာ ဝန်ကြီး - ဒေါက်တာ ကိုကိုဦး
  8. သတ္တုတွင်း ဝန်ကြီး - ဒေါက်တာ မြင့်အောင်
  9. ဟိုတယ်နှင့် ခရီး သွားလာရေး ဝန်ကြီး - ဦးဌေးအောင်
  10. အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုတက်မှု ဝန်ကြီး - ဒေါက်တာ ကံဇော်
  11. အလုပ်သမား ဝန်ကြီး - ဦးမောင်မြင့်

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။