BBC navigation

ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောကို မြန်မာပြည် ပြန်လာဖို့ ဖိတ်ခေါ်

နောက်ဆုံး ရေးသားချိန် 8 စက်တင်ဘာလ 2012 - 16:27 GMT

ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောဟာ တိုင်းပြည် လွတ်လပ်ရေး အတွက် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင် ခဲ့သူ ဖြစ်


သမ္မတ ဦးသိန်းစိန် အစိုးရသစ် တက်လာ အပြီးမှာ ပြည်ပက ပညာရှင်တွေ၊ အတိုက်အခံ တွေကို မြန်မာပြည်ထဲ ပြန်လာကြဖို့ ကမ်းလှမ်း မှုတွေ ရှိခဲ့ရာမှာ တရုတ် မြန်မာနယ်စပ်မှာ အခြေစိုက် ခိုလှုံနေတဲ့ ရဲဘော်သုံးကျိပ် ဝင် ဗမာပြည် ကွန်မြူနစ် ပါတီ ခေါင်းဆောင် ဟောင်း ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောကို မြန်မာပြည် ပြန်လာဖို့ အစိုးရက တရားဝင် ဖိတ်ခေါ်လိုက်ပါတယ်။

ရဲဘော်သုံးကျိပ်ဝင် တဦးအနေနဲ့ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော မြန်မာပြည် ပြန်လာဖို့ သမ္မတ ဦးသိန်းစိန်ရဲ့ ခွင့်ပြုချက်နဲ့ သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းက စနေနေ့က တိုက်ရိုက် ဖိတ်ကြားလာတယ်လို့ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောရဲ့ သမီး ဒေါက်တာ လှကျော်ဇောက ဘီဘီစီကို ပြောပါတယ်။

ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောဟာ ရဲဘော်သုံးကျိပ်ဝင် တဦး ဖြစ်ပေမယ့် ဗမာပြည် ကွန်မြူနစ် ပါတီရဲ့ ခေါင်းဆောင်ဟောင်း တဦးအနေနဲ့ တရုတ်ပြည်မှာ နေနေတာမို့ ဒီကိစ္စနဲ့ ပတ်သက်လို့ ဗမာပြည် ကွန်မြူနစ် ပါတီနဲ့ တိုင်ပင်ရဦးမှာ ဖြစ်သလို ကျန်းမာရေး အခြေအနေအရလည်း နလံထခါစပဲ ရှိသေးတာမို့ ကျန်းမာရေး ကောင်းလာတဲ့အထိ စောင့်ပြီးမှ ဆက်ဆွေးနွေးမယ်လို့ အကြောင်းပြန်ထားကြောင်း ပြောပါတယ်။

အသက် ၉၃နှစ် ရှိပြီ ဖြစ်တဲ့ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောဟာ သက်ရှိ ထင်ရှား ကျန်တဲ့ ရဲဘော်သုံးကျိပ်ဝင် နှစ်ဦးထဲက တဦး ဖြစ်ပြီး လောလောဆယ်မှာ တရုတ် နိုင်ငံ ကူမင်းမြို့ ဆေးရုံမှာ ဆေးကုသ ခံနေရပါ တယ်။

ဗမာပြည် ကွန်မြူနစ် ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ရဲဘော် ဖိုးသံချောင်းကတော့ ဒါဟာ အစိုးရက နိုင်ငံရေး အမြတ်ထုတ်တဲ့ အနေနဲ့ လုပ်တာလို့ ယူဆကြောင်းနဲ့ ဗမာ့ ကွန်မြူနစ် ပါတီရဲ့ အစဉ်အလာကြီးသူ ခေါင်းဆောင်တဦးကို ဆက်သွယ်ရာမှာ ပါတီကနေတဆင့် မဆက်သွယ်ပဲ တဦးချင်း အောက်ခြေကနေ ဆက်သွယ်ခဲ့ တာဟာ မရိုးသားဘူးလို့ မြင်ကြောင်း ပြောပါတယ်။

သမ္မတ ဦးသိန်းစိန် အစိုးရဟာ နိုင်ငံရေး လှုပ်ရှားတဲ့ အတိုက်အခံ ပြည်ပ အဖွဲ့အစည်းတွေ၊ လက်နက်ကိုင် အဖွဲ့တွေ အတော်များများနဲ့ တွေ့ဆုံ ညှိနှိုင်းမှုတွေ လုပ်နေပေမယ့် ဗမာပြည် ကွန်မြူနစ် ပါတီနဲ့တော့ ခုချိန်ထိ ညှိနှိုင်း ပြောဆိုမှုတွေ မရှိသေးပါဘူး။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။