BBC navigation

အမေရိကန်အဖွဲ့ ရခိုင်ပဋိပက္ခ သွားရောက် လေ့လာ

နောက်ဆုံး ရေးသားချိန် 9 စက်တင်ဘာလ 2012 - 15:38 GMT

ရခိုင်ဒေသမှာ အတူ တကွ ဘယ်လို လက်တွဲ နေထိုင် နိုင်ကြမလဲ ဆိုတာကို လာရောက် လေ့လာ

အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Mr. Joseph Yun နဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး Mr. Derek Mitchell တို့ ဦးဆောင်တဲ့ အဖွဲ့ဟာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ရခိုင်ပဋိပက္ခ တွေနဲ့ ပတ်သက်ပြီး လေ့လာဖို့ စနေနေ့က စစ်တွေမြို့ကို ရောက်ရှိလာခဲ့ ပါတယ်။

စနေနေ့ နေ့လည်ပိုင်း မှာတော့ ရခိုင် ဒုက္ခသည်တွေ တည်းခို နေထိုင် နေတဲ့ ရွှေစေတီကျောင်းကို ရောက်ရှိ လာပြီး ကျောင်းထိုင် ဆရာတော် ဦးအာရိယာဝံသကို မကြာခင်က ဖြစ်ပေါ် ခဲ့တဲ့ ရခိုင် ပဋိပက္ခနဲ့ ပတ်သက်ပြီး မေးမြန်း စုံစမ်း တာတွေ ပြုလုပ် သွားခဲ့တယ်လို့ သိရပါတယ်။

ဆရာတော်က အနာဂတ်မှာ ငြိမ်းချမ်းစွာ အတူ နေထိုင်မယ် ဆိုရင် နိုင်ငံသား ဖြစ်သူ၊ နိုင်ငံသား မဖြစ်သူကို ခွဲခြား သတ်မှတ်ဖို့ လိုတယ်လို့ တင်ပြခဲ့ကြောင်း ပြောပါတယ်။

အမေရိကန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီးနဲ့ အဖွဲ့ဟာ တနင်္ဂနွေနေ့ မနက် ကတော့ မောင်တောမြို့ကို ရဟတ်ယာဉ်တွေနဲ့ သွားရောက်ခဲ့ပြီး နေ့လည်ပိုင်း မှာတော့ စစ်တွေကို ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။

စစ်တွေမှာ နိုင်ငံရေး ပါတီတွေသာ မက လူထု လူတန်းစား အဖွဲ့ပေါင်းစုံက လူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီက ဗဟိုကော်မီတီ အဖွဲ့ဝင် သုံးဦး ကို သီးသန့် ခေါ်ယူတွေ့ဆုံခဲ့တယ်လို့ ပြောပါတယ်။

အမေရိကန် ဝန်ကြီးနဲ့ အဖွဲ့ရဲ့ ခု ခရီးစဉ်ဟာ ရခိုင် ဒေသမှာ နေထိုင်ကြတဲ့ သူတွေ အနေနဲ့ အနာဂတ်မှာ ငြိမ်းငြိမ်း ချမ်းချမ်း အတူ တကွ ဘယ်လို လက်တွဲ နေထိုင် နိုင်ကြမလဲ ဆိုတာကို လာရောက် လေ့လာတဲ့ ခရီးစဉ် ဖြစ်တယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။