BBC navigation

စာနယ်ဇင်းကောင်စီ ပြုပြင် ဖွဲ့စည်းရေး ဆွေးနွေးနေ

နောက်ဆုံး ရေးသားချိန် 9 စက်တင်ဘာလ 2012 - 15:23 GMT
Ko Ko

အသစ်ဖွဲ့မယ့် စာနယ်ဇင်း ကောင်စီမှာ ပါသင့်သူ တိုင်း ပါနိုင်မယ်လို့ ဦးကိုကို (စက်မှု တက္ကသိုလ်) ကဆို

မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ ကို ပြုပြင် ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး ပြန်ကြားရေး ဝန်ကြီးသစ် ဦးအောင်ကြည်ဟာ စာနယ်ဇင်း ဆိုင်ရာ အဖွဲ့ အစည်းတွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။

အဲဒီလို ဆွေးနွေးရာမှာ စာနယ်ဇင်းကောင်စီကို သက်ဆိုင်သူ အားလုံးပါဝင်တဲ့ အဖွဲ့အစည်း ဖြစ်လာအောင် ဆောင်ရွက်ဖို့နဲ့ စာနယ်ဇင်းကောင်စီရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့် တွေထဲမှာ သတင်းစာဆရာတွေ ဘက်က လက်မခံနိုင်တဲ့ အချက် တွေကို ပြုပြင်ပေးဖို့အတွက် အဓိက ပြောခဲ့ကြတယ် လို့ မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း ရဲ့ ကိုယ်စား သွားရောက် ဆွေးနွေးခဲ့တဲ့ အဲဒီအသင်း ဒုတိယဥက္ကဌ ဦးကိုကို (စက်မှုတက္ကသိုလ်) ကပြောပါတယ်။

စာနယ်ဇင်းကောင်စီကို ပြင်ဆင် ဖွဲ့စည်းတဲ့ အခါ၊ မြန်မာ စာနယ်ဇင်း သမဂ္ဂ MJU နဲ့ မြန်မာသတင်းထောက်များ ကွန်ရက် MJN တို့က ကိုယ်စားလှယ်တွေလည်း ပါဝင် လာနိုင်စရာ ရှိပါတယ်။

အခုအချိန် အထိတော့ ပြန်ကြားရေး ဝန်ကြီးဌာနက စာနယ်ဇင်း ဆိုင်ရာ အဖွဲ့တွေကို တဖွဲ့ချင်းစီး ခေါ်တွေ့နေပြီး အားလုံး သဘောတူညီချက် ရတဲ့ အချိန်မျိုးကျရင် တပြိုင်နက် တွေ့ဆုံနိုင်စရာ အကြောင်းရှိတယ်လို့ ဦးကိုကိုက ပြောပါတယ်။

သမ္မတ ဦးသိန်းစိန်က အမိန့်ကြေညာချက် ထုတ်ပြန် ဖွဲ့စည်း ပေးခဲ့တဲ့ စာနယ်ဇင်း ကောင်စီဟာ စာပေ စိစစ်ရေးက လုပ်ခဲ့တဲ့ လုပ်ငန်း တွေကို ဆက်လုပ်ကိုင်ဖို့ အစားထိုး ခဲ့တာ ဆိုတဲ့ ဝေဖန်မှုတွေ ရှိခဲ့ ပါတယ်။

အခု ပြင်ဆင် ဖွဲ့စည်းမယ့် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) မှာတော့ စာပေရေးသား ထုတ်ဝေမှု၊ ဟောပြောမှု တွေကို စောင့်ကြည့်တာ၊ လိုအပ်ရင်အရေးယူတာ မျိုး၊ နိုင်ငံခြားက တင်သွင်းတဲ့ စာအုပ် စာတမ်းတွေ ကို မြန်မာနိုင်ငံနဲ့ သင့်တော်ခြင်း ရှိမရှိ စောင့်ကြည့်ရတာမျိုး တွေ လုပ်စရာ လိုမှာ မဟုတ်ဘဲ နိုင်ငံတကာ မှာကျင့်သုံးနေတဲ့ လုပ်ပိုင်ခွင့်နဲ့ တာဝန်တွေ ပုံစံအတိုင်း ဖြစ်လာလိမ့်မယ်လို့ ဦးကိုကို (စက်မှုတက္ကသိုလ်) က ဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။