BBC navigation

ထိုင်းနိုင်ငံရောက် မြန်မာတွေ နိုင်ငံသား လျှောက်ခွင့်ရ

နောက်ဆုံး ရေးသားချိန် 10 စက်တင်ဘာလ 2012 - 00:49 GMT

ထိုင်းရောက် မြန်မာ နိုင်ငံသား ဒုက္ခသည်တွေ

အခု ထိုင်းအစိုးရက၊ ထိုင်းနိုင်ငံသား ပေးမယ်ဆိုတဲ့ သူတွေဟာ၊ လွန်ခဲ့တဲ့ အနှစ် ၃၀ လောက်က၊ မြန်မာ အစိုးရစစ်တပ်တွေ၊ ထိုင်းနိုင်ငံနဲ့ ထိစပ်နေတဲ့ မြန်မာနယ်စပ်က၊ လူမျိုးစု သူပုန်စခန်းတွေကို သိမ်းယူဖို့ စစ်ဆင် တိုက်ခိုက်တဲ့ အချိန်တုံးက၊ ထိုင်းဖက်ကို ထွက်ပြေး တိမ်းရှောင်သွားတဲ့ မြန်မာနယ်စပ် တလျှောက်က ထိုင်းလူမျိုးတွေနဲ့ ဘာသာစကား၊ ဓလေ့ထုံးစံတူတဲ့ ရှမ်းလူမျိုးတွေ ဖြစ်ပါတယ်။

သူတို့ကို အဲဒီတုံးက၊ ထိုင်းအစိုးရက၊ နိုင်ငံမဲ့ ထိုင်းလူမျိုးတွေ အဖြစ်နဲ့ ထိုင်းနိုင်ငံမှာ ယာယီနေထိုင်ခွင့် လက်မှတ်တွေကို ထုတ်ပေးခဲ့ပါတယ်။

အဲဒီ ယာယီနေထိုင်ခွင့် လက်မှတ်နဲ့ နေထိုင်တဲ့သူတွေက ထိုင်းအစိုးရ အဆက်ဆက်ထံမှာ နိုင်ငံသားဖြစ်ခွင့် တောင်းဆိုရာက အခု အစိုးရလက်ထက်မှာ လွှတ်တော်က မွေးရာပါ နိုင်ငံသား ဖြစ်ခွင့် ဥပဒေကို အတည်ပြုပြီး ထွက်လာတဲ့ ဥပဒေ ဖြစ်ပါတယ်။

ဒီဥပဒေ အသစ် ညွှန်ကြားချက်နဲ့ ထိုင်းအစိုးရက နိုင်ငံသားပေးတဲ့ လူစာရင်းကို ဘန်ကောက်ကို သွားပြီး လက်ခံယူလာတဲ့၊မဲဆောက်မြို့ပိုင် နိုင်ပရီချာ ကျိုင်ဖက် ဆိုသူ ကတော့ သူတို့ဟာ ထိုင်းတွေဖြစ်တယ် ၊ ထိုင်းနဲ့မြန်မာ နှစ်နိုင်ငံ နယ်နိမိတ် သတ်မှတ်တုံးက ၊မြန်မာဖက် အခြမ်း ကို ပါသွားတဲ့ သူတွေပါ ၊ ထိုင်းဖက်ကို လာပြန်နေတော့၊ ထိုင်းအစိုးရက သူတို့ကို နိုင်ငံမဲ့ ထိုင်းလူမျိုးတွေ အဖြစ် သတ်မှတ်တာကြောင့် ထိုင်းအစိုးရက အခု နိုင်ငံသား ဥပဒေ အစောင် ၅ ကို ထုတ်ပြန်ပြီး သူတို့ကို မွေးရာပါ ထိုင်းနိုင်ငံသားတွေ အနေနဲ့ ပြန်ပေးတာလို့ ပြောပါတယ်။

မဲဆောက်မြို့ပိုင် လက်ခံယူလာတဲ့၊ စာရင်းထဲမှာ မဲဆောက်နယ်က၊ ပထမအသုတ်၊ ထိုင်းနိုင်ငံသား ရမယ့် လူအရေအတွက်ဟာ ၁၄၀၀ ဖြစ်ပြီးတော့၊ စီစစ်နေဆဲက နောက်ထပ်လူ ၂ ထောင်ဖြစ်တယ်လို့ဆို ပါတယ်။

ထိုင်း၊မြန်မာ နယ်စပ်တလျှောက်လုံးမှာတော့၊ ထိုင်းမှတ်ပုံတင် စောင့်ဆိုင်း နေတဲ့လူဦးရေ သောင်းနဲ့ချီရှိတယ်လို့ ဆိုပါတယ်။

အခု ထိုင်းနိုင်ငံသား မှတ်ပုံတင်ရမယ့် အထဲမှာ ပါတဲ့ သူတယောက်ကတော့ ကလေးတွေရဲ့ အနာဂါတ် အတွက် ဖြစ်ပြီး ကျွန်တော်တို့က စောင့်လာတာ နှစ် ၃၀ ကျော်ပြီ ဖြစ်ပေမယ့် အခုမှဘဲ၊ စိတ်ဆန္ဒ ပြည့်ဝ လာတယ်လို့ ပြောရမှာပါ ၊ ထိုင်းနိုင်ငံသား မှတ်ပုံတင်ရှိသွားပြီ ဆိုရင်တော့၊ ခြံတွေ၊ အိမ်တွေ၊ မြေတွေ ကိုယ့်ကိုယ်ပိုင်နာမည်နဲ့ ဝယ်လို့ရတော့မှာလို့ ပြောပါတယ်။

အရင်တုံးက ဒီလို ယာယီနေခိုင်ခွင့်ကနေ၊ အမေရိကန် ဂရင်းကပ်လိုမျိုး၊ အမြဲတန်း နေထိုင်ခွင့်ကို လျှောက်ရတာ ဖြစ်ပြီး အမြဲတန်း နေထိုင်ခွင့် ၅ နှစ်ကိုင်ဆောင်ပြီး သူတွေက၊ နိုင်ငံသားအဖြစ် တဆင့်တက်ပြီး လျှောက်ထား ရယူခွင့် ရှိပါတယ်။

နိုင်ငံသား လျှောက်ရာမှာတော့၊ တိုင်းပြည်ကို အခွန်များများ ဆောင်နိုင်တဲ့သူ၊ တိုင်းပြည်ရဲ့ တခြားအကျိုးပြု လုပ်ငန်း လုပ်ထားတဲ့သူ စတဲ့ အချက်တွေ အပေါ်မှာ ပေးတယ်လို့ သိရပါတယ်။

ဒါပေမဲ့ ထူးခြားတာက ထိုင်းနိုင်ငံသူ၊ နိုင်ငံသားနဲ့ အိမ်ထောင်ပြု ထားရင်တော့ နိုင်ငံသားရဖို့ပို ပြီးလွယ်ကူပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။