BBC navigation

ရှမ်းလူမျိုးများကို နိုင်ငံသား အဖြစ် ထိုင်းလက်ခံ

နောက်ဆုံး ရေးသားချိန် 9 စက်တင်ဘာလ 2012 - 22:21 GMT
Thai

ထိုင်းမြန်မာ နယ်စပ်မှ မြန်မာလူမျိုးများ

ထိုင်းဖက်ကို စစ်ပြေး ဒုက္ခသည် တွေအဖြစ် ရောက်နေတဲ့၊ မြန်မာဖက် နယ်စပ်က၊ ရှမ်းလူမျိုး တွေကို ထိုင်းအစိုးရက နိုင်ငံသား ဥပဒေ အသစ် ပြဌာန်း ပြီးတော့၊ အခု နိုင်ငံသား ပေးဖို့ ဆောင်ရွက် နေပါပြီ။

အခု ထိုင်း အစိုးရက၊ ထိုင်းနိုင်ငံသား ပေးမယ် ဆိုတဲ့ သူတွေဟာ၊ လွန်ခဲ့တဲ့ အနှစ် ၃၀ လောက်က၊ မြန်မာ အစိုးရ စစ်တပ်တွေ၊ ထိုင်းနိုင်ငံနဲ့ ထိစပ် နေတဲ့၊ မြန်မာ နယ်စပ်က၊ လူမျိုးစု သူပုန် စခန်းတွေကို သိမ်းယူဖို့ စစ်ဆင် တိုက်ခိုက်တဲ့ အချိန် တုံးက၊ ထိုင်းဖက်ကို ထွက်ပြေး တိမ်းရှောင် သွားတဲ့ ၊မြန်မာ နယ်စပ် တလျှောက်က ထိုင်းလူမျိုးတွေနဲ့ ဘာသာ စကား၊ ဓလေ့ ထုံးစံ တူတဲ့ ရှမ်းလူမျိုး တွေဖြစ်ပါတယ်။

သူတို့ကို အဲဒီတုံးက၊ ထိုင်းအစိုးရက၊ နိုင်ငံမဲ့ ထိုင်းလူမျိုးတွေ အဖြစ်နဲ့ ထိုင်းနိုင်ငံမှာ ယာယီ နေထိုင်ခွင့် လက်မှတ်တွေ ကို ထုတ်ပေး ခဲ့ပါတယ်။ အဲဒီ ယာယီ နေထိုင်ခွင့် လက်မှတ်နဲ့ နေထိုင်တဲ့ သူတွေက ထိုင်းအစိုးရ အဆက်ဆက် ထံမှာ နိုင်ငံသား ဖြစ်ခွင့် တောင်းဆိုရာက အခုအစိုးရ လက်ထက်မှာ လွှတ်တော်က မွေးရာပါ နိုင်ငံသား ဖြစ်ခွင့် ဥပဒေကို အတည်ပြုပြီး ထွက်လာတဲ့ ဥပဒေပါ။

ဒီဥပဒေ အသစ် ညွှန်ကြားချက်နဲ့ ထိုင်းအစိုးရက နိုင်ငံသားပေးတဲ့ လူစာရင်းကို ဘန်ကောက်ကို သွားပြီး လက်ခံယူလာတဲ့၊ မဲဆောက်မြို့ပိုင် နိုင်ပရီချာ ကျိုင်ဖက်ပြောတာက သူတို့ဟာ ထိုင်းမြန်မာ နှစ်နိုင်ငံ နယ်နမိတ် သတ်မှတ်စဉ်တုန်းက မြန်မာဘက် အခြမ်းကို ပါသွားပေမဲ့ သူတို့ဟာ ထိုင်းလူမျိုးတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

ဒါကြောင့်ထိုင်းအစိုးရကအခုနိုင်ငံသားဥပဒေအစောင် ၅ ကိုထုတ်ပြန်ပြီး သူတို့ကိုမွေးရာပါထိုင်းနိုင်ငံသားတွေအနေနဲ့ပြန်ပေးတာလို့ပြောသွားပါတယ်။

မဲဆောက်မြို့ပိုင် လက်ခံယူလာတဲ့ ၊ စာရင်းထဲမှာ၊ မဲဆောက်နယ်က၊ ပထမအသုတ်၊ ထိုင်းနိုင်ငံသား ရ မယ့်လူ အရေအတွက်ဟာ ၁၄၀၀ ဖြစ်ပြီးတော့၊ စီစစ်နေဆဲက နောက်ထပ် လူ ၂ ထောင် ဖြစ်တယ်လို့ ဆို ပါတယ်။

ထိုင်း၊မြန်မာနယ်စပ်တလျှောက်လုံးမှာတော့၊ထိုင်းမှတ်ပုံတင်စောင့်ဆိုင်နေတဲ့လူဦးရေ သောင်းနဲ့ချီရှိတယ်လို့ဆိုပါတယ်။

အရင်တုံးက ဒီလိုယာယီ နေခွင့်ကနေ၊ အမေရိကန် ဂရင်းကပ် လိုမျိုး၊ အမြဲတန်း နေထိုင်ခွင့်ကို လျှောက်ရပါတယ်။ အမြဲတန်း နေထိုင်ခွင့် ၅ နှစ် ကိုင်ဆောင်ပြီးသူတွေက၊ နိုင်ငံသားအဖြစ် တဆင့်တက်ပြီး လျှောက်ထား ရယူခွင့်ရှိပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။