BBC navigation

ခိုလှုံခွင့်တောင်းခံသူ ကလေးတွေကို ကာကွယ်ဖို့ တောင်းဆို

နောက်ဆုံး ရေးသားချိန် 10 စက်တင်ဘာလ 2012 - 16:59 GMT

သြစတြေးလျကို သွာဖို့ ဖြစ်ပေမဲ့ အကြောင်း အမျိုးမျိုး ကြောင့် အင်ဒိုနီးရှားကို ရောက်လာကြ

မြန်မာနိုင်ငံက အရွယ် မရောက်သေးတဲ့ လူငယ်တွေ အပါအဝင် ခိုလှုံခွင့် တောင်းခံ နေကြတဲ့ ကလေးသူငယ်တွေရဲ့ အခွင့်အရေး တွေကို ထိထိ ရောက်ရောက် ကာကွယ် စောင့်ရှောက် ပေးဖို့ အင်ဒိုနီးရှားနဲ့ သြစတြေးလျ နိုင်ငံတွေကို လူ့အခွင့်အရေး ဆိုင်ရာ အဖွဲ့ Human Right Watch အဖွဲ့က တောင်းဆို လိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံက ထိန်းသိမ်းရေး စခန်းတွေမှာ အစိုးရရဲ့ စာရင်းဇယားတွေ အရ အသက် ၁၄ နှစ်ကနေ ၁၇ နှစ် အရွယ် ကလေးသူငယ် ၃၀၀၀ လောက် ရှိနေတယ်လို့ အင်ဒိုနီးရှား နိုင်ငံမှာ ရှိတဲ့ Human Right Watch အဖွဲ့က သုတေသန အရာရှိ Andreas Harsona က ပြောပါတယ်။

အဲဒီကလေးတွေဟာ လူကြီး မိဘမပါဘဲ သူတို့ရဲ့ ညီအကိုတွေ ဆွေမျိုးတွေနဲ့ လာကြ သလို တချို့က တခြား သူတွေနဲ့ လာကြပြီး အများအားဖြင့် လှေနဲ့ ရောက်လာကြသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ တချို့ကတော့ လှေနဲ့လာရင်း လမ်းမှာ လှေမှောက်လို့ ဒါမှမဟုတ် တနည်းနည်းနဲ့ မိဘ ဆုံးပါးသွားလို့ မိဘမဲ့ ဖြစ်နေကြသူတွေလို့ ပြောပါတယ်။

ဒီကလေးတွေဟာ မြန်မာ၊ သီရိလင်္ကာ၊ အာဖဂန်စ္စတန်၊ အီရတ်၊ ဆိုမာလီ နဲ့ ပါကစ္စတန် နိုင်ငံတွေက ဖြစ်ပြီး၊ စခန်းတခု မှာတော့ မြန်မာနိုင်ငံက လာတယ် ဆိုတဲ့ ရိုဟင်ဂျာ ကလေး သူငယ် တဒါဇင်လောက် တွေ့ရတယ်လို့ HRW သုတေသန အရာရှိ Andreas Harsona ကပြောပါတယ်။

ထိန်းသိမ်းရေး စခန်းတွေထဲမှာ ရှိနေတဲ့ ဒုက္ခ သည် အခြေအနေတွေ နဲ့ ပတ်သက်လို့ HRW က စိုးရိမ်နေ

မြန်မာနိုင်ငံက လာတဲ့ အထဲမှာ ချင်း ကရင် စတဲ့ တိုင်းရင်းသားတွေလည်း ပါဝင်ကြောင်းနဲ့ ဒါပေမဲ့ ရိုဟင်ဂျာက အများစု ဖြစ်ပြီး၊ တချို့က ရခိုင်ပြည်နယ် ပဋိပက္ခ အတွင်း ရောက်လာသူတွေ ဖြစ်ကာ၊ တချို့က လွန်ခဲ့တဲ့ ၃ နှစ်လောက် အတွင်း ရောက်လာကြ သူတွေလို့ Mr Harsona က ပြောပါတယ်။

သူတို့ရဲ့ ရည်ရွယ်ချက်က သြစတြေးလျကို သွားကြဖို့ ဖြစ်ပြီး အကြောင်း အမျိုးမျိုးကြောင့် အင်ဒိုနီးရှားကို ရောက်လာကြတာလို့ ဆိုပါတယ်။ တချို့ လူငယ်တွေဟာ သူတို့နဲ့ အချိတ် အဆက် ရှိတဲ့ လူတွေရဲ့ လာအခေါ်ကို စောင့်နေကြတာလို့ ပြောပါတယ်။ ထိန်းသိမ်းရေး စခန်းတွေထဲမှာ ရှိနေတဲ့ သူတို့ရဲ့ အခြေအနေတွေ နဲ့ ပတ်သက်လို့ HRW အနေနဲ့ စိုးရိမ်မှုတွေ ရှိနေတယ်လို့ သူက ပြောပါတယ်။

အင်ဒိုနီးရှား ဥပဒေအရ၊ နိုင်ငံတကာ ဥပဒေအရ လူငယ်တိုင်း ပညာသင်ခွင့် ရှိပေမဲ့ အင်ဒိုနီးရှား အစိုးရက ဘာသာစကားကြောင့် ဆိုပြီး ပညာ မသင်ပေးဘူးလို့ ဆိုပါတယ်။

ဒုက္ခသည် အများအပြားဟာ စခန်းစောင့်တွေရဲ့ မတရား ပြုမူမှုကို ခံနေကြရပြီး၊ အပြင်ထွက်ရင်လည်း ရိုက်နှက်ခံရတာကြောင့် တချို့ဆိုရင် အပြင် မထွက်ရဲအောင် ဖြစ်နေကြတဲ့ အတွက် အကာအကွယ်ပေးဖို့ တောင်းဆိုနေတာပါလို့ မစ္စတာ ဟာနိုဆာက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။