BBC navigation

OIC နဲ့ နယ်စပ်ရေးရာ ဝန်ကြီးဌာန သဘောတူ လက်မှတ်ထိုး

နောက်ဆုံး ရေးသားချိန် 11 စက်တင်ဘာလ 2012 - 15:41 GMT

လူသားချင်း အကူအညီပေးဖို့ ရခိုင်ဒေသကို OIC အဖွဲ့ဝင်တွေ လာရောက်

ရခိုင်ပြည်နယ်မှာ လူသားချင်း စာနာမှု အကူအညီပေးရေးအတွက် အစ္စလာမစ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC နဲ့ နယ်စပ်ရေးရာ ဝန်ကြီးဌာနတို့ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး လိုက်ပြီဖြစ် ပါတယ်။

ရခိုင်ပြည်နယ်က ဒုက္ခသည်တွေ ဘာလိုအပ်နေ သလဲဆိုတာ သိဖို့ OIC အဖွဲ့ဝင် ၇ဦး ရခိုင်ပြည်နယ် ကို သွားရောက် လေ့လာခဲ့ အပြီးမှာ အခုလို လက်မှတ် ရေးထိုးလိုက်တာပါ။

OICရဲ့ ကုလသမဂ္ဂ ဆိုင်ရာ သံအမတ် ဦးဆောင်တဲ့ အဲဒီကိုယ်စားလှယ် အဖွဲ့ဝင်တွေဟာ OIC အထွေထွေ အတွင်းရေးမှူး မြန်မာနိုင်ငံကိုမလာခင်မှာ ရှေ့ပြေးအဖြစ် အခုလို ရောက်ရှိနေတာ ဖြစ်ပါတယ်။

ပြည်ထောင်စု နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင် တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့အပြင် အစ္စလာမ်နဲ့ ရခိုင် ရပ်မိရပ်ဖတွေနဲ့လည်းတွေ့ဆုံခဲ့ပါတယ်။

OIC အဖွဲ့အနေနဲ့ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ် ကိစ္စတွေကို အဓိကမထားလိုပဲ ရခိုင်ဒေသက ဒေသခံတွေ လိုအပ်နေတဲ့ အကူအညီတွေကို ပေးနိုင်ဖို့ကိုသာ အဓိက သိလိုတယ်လို့ ပြောကြောင်း ရခိုင်ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဥက္ကဌ ဦးလှသိန်းက ဘီဘီစီကို ပြောပြပါတယ်။

ဒေသခံလယ်သမားတွေကတော့ စပါး ရိတ်သိမ်းချိန် ရောက်နေပြီမို့ အသေးစား ကောက်ရိတ်သိမ်းစက်တွေ၊ ချွေလှည့်စက်တွေ လိုအပ်နေကြောင်း OIC အဖွဲ့ဝင်တွေကို တင်ပြခဲ့တယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ အိုးမဲ့အိမ်မဲ့ ဖြစ်နေသူ ဒုက္ခသည် ၇ သောင်းကျော် ရှိနေပြီး နေရပ်ပြန်နိုင်ရေးအတွက် အချိန်ယူ လုပ်ရဦးမယ်လို့လည်း ဦးလှသိန်းက ပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။