BBC navigation

ည မထွက်ရ အချိန် ကျော်ပြီး အပြင် ထွက်သူ လူငယ် ပျောက်နေ

နောက်ဆုံး ရေးသားချိန် 11 စက်တင်ဘာလ 2012 - 15:31 GMT
Security forces in Sittwe

စစ်တွေ မြို့မှာ ည မထွက်ရ အမိန့် ခုချိန်ထိ မရုပ် သိမ်းသေး

စစ်တွေမြို့မှာ ည မထွက်ရ သတ်မှတ်ချိန်ထက် နောက်ကျပြီး အိမ်ပြန် လာတဲ့ လူငယ် တစ်ဦးကို တနင်္လာနေ့က လုံထိန်း တပ်ဖွဲ့က သေနတ်နဲ့ ခြောက်လန့် ပစ်ခတ် ဖမ်းဆီးပြီး၊ ပြင်းပြင်း ထန်ထန် ရိုက်ပုတ် ခဲ့ ပြီးတဲ့ နောက် အဲဒီလူငယ် ပျောက်ဆုံး နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

စစ်တွေ ဆေးရုံကြီး မှာ ဆေးရုံတက်နေတဲ့ သူ့မိခင် ဖြစ်သူကို သွားတွေ့ပြီး အဲဒီ လူငယ် အိမ်ပြန် လာချိန်ဟာ ညမထွက်ရ အမိန့် ထုတ်ပြန်ထားတဲ့ အချိန် ည ၇ နာရီ ကျော်နေတဲ့ အတွက် လုံထိန်း တပ်ဖွဲ့က တားဆီး ရာမှာ သူက ကြောက်လန့်ပြီး ထွက်ပြေးခဲ့ ပါတယ်။

အဲဒီနောက် လုံထိန်း အဖွဲ့က သေနတ်နဲ့ ခြောက်လှန့် ပစ်ခတ်ပြီးတဲ့ နောက် လူငယ်ကို ဖမ်းမိ သွားပြီး ပြင်းပြင်း ထန်ထန် ရိုက်နှက်တာ တွေ့မြင်ရတယ်လို့ မောလိပ် ရပ်ကွက်က မျက်မြင် သက်သေ အမျိုးသမီး တစ်ဦးက ပြောပါတယ်။

အခု ချိန်ထိ အဲဒီလူငယ်ဟာ ပျောက်ဆုံး နေပြီး ဘယ်ကို ရောက်နေမှန်း မသိဘူးလို့ သူရဲ့ ဆွေမျိုး တွေက ပြောပါတယ်။

မျက်မြင် အမျိုးသမီး ကတော့ လူငယ်ကို စစ်တွေမြို့ မောလိပ် ရပ်ကွက်မှာ ရှိတဲ့ ဆန်ဆိုင် နားကနေ လုံထိန်းတွေက ဖမ်းဆီး ခေါ်ဆောင် သွားတာ ကိုယ်တိုင် မြင်လိုက်တယ်လို့ ဘီဘီစီကို အခိုင်အမာ ပြော ပါတယ်။

စစ်တွေမြို့ အမှတ် (၁) ရဲစခန်းကို ဆက်သွယ် မေးမြန်းတဲ့ အခါ သူတို့ဆီကို လွှဲပြောင်း ပေးအပ်ခြင်း မရှိဘူး လို့ ရဲစခန်းက ပြောပါတယ်။

တခြား သက်ဆိုင်ရာ အစိုးရ အရာရှိ တွေကို ဘီဘီစီက ဆက်သွယ်ခဲ့ ပေမဲ့ အခုချိန်ထိတော့ မအောင်မြင် သေးပါဘူး။

စစ်တွေမှာ ပုဒ်မ ၁၄၄ ထုတ်ထားတဲ့ အတွက် ည ၇ နာရီကနေ နံနက် ၆ နာရီထိ အပြင် ထွက်သွားလာ တာကို ကန့်သတ် ထားတဲ့အတွက် ချိုးဖေါက်သူ တွေကို ဖမ်းဆီး အရေး ယူမူတွေ မကြာခဏ ဖြစ်လေ့ ရှိခဲ့ ပေမယ့် တည်ငြိမ် အေးချမ်း စပြုနေတဲ့ အခု အချိန်မှာ ဒီဖြစ်ရပ်ဟာ စစ်တွေမှာ ပထမ အကြိမ် လို့ ပြောနိုင်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။