BBC navigation

KIO ဆီက ကလေးစစ်သား လွတ်ရေး ဆွေးနွေး

နောက်ဆုံး ရေးသားချိန် 15 စက်တင်ဘာလ 2012 - 01:08 GMT
Child soldiers

မြန်မာ အစိုးရဟာ ကလေးစစ်သား ပပေျာက်ရေး အတွက် ILO နဲ့ ပူးပေါင်း ဆောင်ရွက်နေ

ကချင် လွတ်လပ်ရေး အဖွဲ့နဲ့ မြန်မာ အစိုးရ ကြား တိုက်ပွဲတွေ အတွင်း KIO ဖမ်းမိထား တဲ့ ကလေး စစ်သား ၁၀ ဦး လောက်ကို ILO က လွှဲယူပြီး မိဘတွေဆီ ပြန်အပ် နိုင်ဖို့ KIO ရော အစိုးရနဲ့ပါ ဆွေးနွေး နေ ပါတယ်။

အခြေအနေကို ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ် ရန်ကုန် ရုံး ဆက်သွယ်ရေး အရာရှိ Steve Marshall ကို ဘီဘီစီက မေးကြည့်တော့ ခုလို ပြောပါတယ်။

ILO ။ ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အစိုးရနဲ့ KIO ၂ ဘက်စလုံးကို ကျနော်တို့ တင်ပြ ထားပါတယ်။ ဒါပေမယ့် မျက်နှာချင်းဆိုင် ဆွေးနွေး တာတော့ မဟုတ်ဘဲ သိုသို သိပ်သိပ် လုပ်နေတာ ဖြစ်ပါတယ်။ ဒီကိစ္စက နိုင်ငံရေး ပြသနာ မဟုတ်ဘဲ ကလေးတွေ အကျိုးစီးပွားကို ပဓာန ထားပြီး လုပ်ရမယ့် ကိစ္စမို့ပါ။ အသက် မပြည့်သေး တဲ့ ကလေးတွေ ဖြစ်တာ သေချာ ရင်တော့ သူတို့ကို စစ်တပ်က တရားဝင် ထွက်ခွင့် ပေးရမှာပါ။ ဒါဟာ ကလေးတွေရဲ့ တရားဝင် ရပိုင်ခွင့် ပါ။

ဘီဘီစီ။ ။ ဟုတ်ကဲ့ သူတို့ အသက်မပြည့်သေး တဲ့ ကလေးတွေ ဖြစ်ကြောင်း အတည်ပြု မှုတွေ ဘယ်တုန်းက စခဲ့လဲ ခင်ဗျ။

ILO ။ ။ ပြီးခဲ့တဲ့ ရက်သတ္တပတ် တွေအတွင်း ကပါ။ စောစောက ကျနော် ပြောခဲ့ သလို ကလေးတွေရဲ့ အကျိုးစီးပွားကို ပဓာန ထားပြီး လုပ်သွားရမှာပါ။ ဒီကိစ္စမှာ နှစ်ဘက် စလုံးက ကလေးတွေရဲ့ ရပိုင်ခွင့် တွေကို ရှေ့တန်းတင် လုပ်ပေးကြတဲ့ အတွက် အားရ ပါတယ်။

မေး။။ ဒီကလေး တွေကို KIA က စစ်သုံ့ပန်း အနေနဲ့ ဖမ်းခဲ့တာ ဆိုတော့ သူတို့ ပြန်သွားရင် သူတို့ လုံခြုံရေး အတွက် မစိုးရိမ်ရ ဘူးလား ခင်ဗျ။

ILO။ ။ စိုးရိမ်စရာ မရှိ ပါဘူး။ အသက် မပြည့် သေးတဲ့ ကလေး တယောက်ကို တရားမဝင် စစ်ထဲ သွင်းခဲ့တယ် ဆိုရင် သူ့ကို စစ်ပြေး အနေနဲ့ သတ်မှတ်လို့ မရဘူး ဆိုတာ နိုင်ငံ တကာက လက်ခံ ပါတယ်။ ဒါကို မြန်မာ အစိုးရ ကလည်း လက်ခံ ပါတယ်။ အသက် မပြည့် သေးတဲ့ စစ်သား တွေကို တခြား အသက်ပြည့် စစ်သား တွေလို အရေးယူလို့ မရပါဘူး။ ဒါ့အပြင် သူတို့ကို စစ်တပ် ကနေ တရားဝင် ထွက်ခွာခွင့် ပေးကို ပေးရမှာပါ။

ဘီဘီစီ ။ ။ ILO က ဒီကလေး တွေနဲ့ တွေ့ပြီးပြီလား ခင်ဗျ။

ILO ။ ။ မကြာခင် တွေ့နိုင်ဖို့ မျှော်လင့် ပါတယ်။ သူတို့ ပြောပြမယ့် သတင်း အချက်အလက်တွေ ကလည်း ဒီကိစ္စကို အတည်ပြု နိုင်မှာပါ။

ဘီဘီစီ ။ ။ အစိုးရတပ်နဲ့ KIA တပ်တွေ အကြားမှာ စစ်ပွဲ တွေက ဆက်တိုက် ဖြစ်နေတော့ ILO ရဲ့ လုပ်ငန်းစဉ်ကို မနှောင့်နှေး စေ ဘူးလား။

ILO ။ ။ လက်ရှိ စစ်ပွဲ အခြေအနေ တွေကြောင့် အခုကိစ္စကို ထိရှ လွယ်တဲ့ အခြေ အနေ ရောက်စေ ပါတယ်။ သေချာတာ တခုကတော့ လူသားချင်း စာနာမှု ဥပဒေကို ဒီကိစ္စနဲ့ ဆက်နွယ်သူ အားလုံး လိုက်နာ ဖို့ လို ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။