BBC navigation

ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ဆက်လက် ဆန္ဒပြ

နောက်ဆုံး ရေးသားချိန် 15 စက်တင်ဘာလ 2012 - 17:37 GMT

ဖမ်းဆီးခံရမှာကို စိုးရိမ် ပေမယ့်လည်း စီမံကိန်း ရပ်ဆိုင်းရေးကို ဆက်လက် လုပ်ဆောင်သွားမယ်လို့ ပြော

မုံရွာ ခရိုင် ဆားလင်းကြီး မြို့နယ်က လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ရပ်ပေးရေး ဆန္ဒပြ တောင်းဆိုမှုတွေဟာ ဖမ်းဆီး ခြောက်လှန့်တာတွေ ရှိတဲ့ ကြားကပဲ ဆက်လက် ဖြစ်ပွား နေပါတယ်။

စနေနေ့က ဆိုရင် စီမံကိန်းကြောင့် ပြောင်းရွှေ့ပေး ရမယ့် ရွာ ၄ ရွာ ထဲက တရွာ ဖြစ်တဲ့ ဆည်တဲရွာမှာ၊ လူ ၂၀၀ ကျော် ကနေ စီမံကိန်း လုပ်ကိုင်ခွင့် ရထားတဲ့ ဦးပိုင် ကုမ္ပဏီကို ဆန္ဒပြတဲ့ အနေနဲ့ လူသေ အခေါင်းမှာ ဦးပိုင်လူ ဆိုတဲ့ နာမည်ရေးပြီး အသုဘချတဲ့ ပုံစံနဲ့ ဆန္ဒပြခဲ့ ပါတယ်။

အခုလို ဆက်လက် ဆန္ဒပြနေကြတဲ့ အတွက် ဖမ်းဆီးခံရမှာကို စိုးရိမ် ပေမယ့်လည်း လက်ပန်းတောင်းတောင် စီမံကိန်းကြီး ရပ်ဆိုင်းရေးကို ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဆန္ဒပြတဲ့ အထဲမှာ ပါဝင်တဲ့ ဆည်တဲ ရွာသူ မမြင့်မြင့်က ဘီဘီစီကို ပြောပါတယ်။

ကုမ္ပဏီဘက်က တာဝန်ရှိသူတွေ ကတော့ ဒီစီမံကိန်းကို ဥပဒေ ကြောင်း အရ နိုင်ငံတော်နဲ့ ပူပေါင်း ဆောင်ရွက် ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအတွက် သူတို့ ဘက်က နောက်ဆုတ် မပေးနိုင်ဘူး လို့လည်း ပြောပါတယ်။

မမြင့်မြင့် ကတော့ ဒါဟာ ကုမ္ပဏီဘက်က လုပ်ကြံတာ ဖြစ်တယ်လို့ ပြောပါတယ်။ စာချုပ်တွေ ချုပ်ဆိုတုန်းက ခေါင်းစဉ်လည်း မပြဘဲ လက်ဗွေနှိပ်ခိုင်း၊ လက်မှတ် ထိုးခိုင်းတာတွေ လုပ်ကြောင်း၊ အဲဒီစာချုပ်ထဲမှာ ဘာတွေ ပါတယ် ဆိုတာလည်း လယ်သမားတွေ မသိခဲ့ရဘူးလို့ ဆိုပါတယ်။

ဒီစီမံကိန်းကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုတွေလည်း ဖြစ်ပွားလာနေရာ၊ ဆည်တဲရွာ ဘုန်းကြီးကျောင်းဝင်းထဲမှာ ရှိတဲ့ သောက်ရေကန်ဟာလည်း အငံဓာတ် လွန်ကဲနေပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုအချိန်အထိ ကုမ္ပဏီ ဘက်က ညှိနှိုင်းဖို့ ဆိုပြီး ခေါ်တာမျိုး မရှိကြောင်း၊ ဥပဒေ အရလည်း လယ်သမားတွေက နားမလည်ကြဘူးလို့ ဆိုပါတယ်။ ကိုယ့်အပေါ် ကောင်းအောင် လုပ်ပေးမယ့် ဘယ်လို အဖွဲ့အစည်းမျိုးကို မဆို ကြိုဆိုကြောင်း မမြင့်မြင့်က ပြောပါတယ်။

ဆည်တဲရွာက လူတွေဟာ ရွှေ့ပြောင်းပေးမှုတွေ မလုပ်ဖို့ စိတ် ပိုင်းဖြတ်ထားပြီး၊ လျော်ကြေးလည်း မလိုချင်ကြောင်း၊ စီမံကိန်းကိုပဲ ရပ်ပေး စေလိုကြောင်း ပြောဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။