BBC navigation

ဖားကန့် ကျောင်းသူ သေဆုံးတာ အစိုးရ စစ်သားလက်ချက်လို့ ဆို

နောက်ဆုံး ရေးသားချိန် 15 စက်တင်ဘာလ 2012 - 16:16 GMT

ဖားကန့်မြို့မှာ ဖြစ်ခဲ့တဲ့ ပစ်ခတ်မှုအတွင်း တခြားလူ ၈ဦးလည်း ဒဏ်ရာရခဲ့

ဖားကန့်မြို့နယ် မော်ဝမ်းရပ်ကွက်မှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့ ညနေ ကျောင်းဆင်းချိန် ကျောင်းသူလေး တဦး ကျည်ဆံ ထိမှန် သေဆုံးခဲ့ရတာဟာ အစိုးရ စစ်သားတဦးရဲ့ လက်ချက် ဖြစ်တယ်လို့ မျက်မြင် သက်သေ တွေက ပြောပါတယ်။

နဝမတန်း ကျောင်းသူ မဂျာဆိုင်းအိမ်ရဲ့ အသုဘကို စနေနေ့မှာ နှစ်ခြင်း ခရစ်ယာန် အသင်းတော်က ကြီးမှူး ကျင်းပပေးခဲ့ပြီး ကျောင်းသားကျောင်းသူတွေ အပါအဝင် လူတရာကျော် လိုက်ပါ ပို့ဆောင်ခဲ့ကြပါတယ်။

ဒီဖြစ်ရပ်အပေါ် ဆန့်ကျင် ကန့်ကွက်ကြောင်း ဆန္ဒ ထုတ်ဖေါ် ပြသကြဖို့ ကျောင်းသူ ကျောင်းသားတွေက စီစဉ်ခဲ့ကြပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မလုပ်ဖြစ်ခဲ့ဘူး လို့ သိရပါတယ်။

မဂျာဆိုင်းအိမ် ကျည်ဆံထိမှန် သေဆုံးခဲ့ပုံနဲ့ ပတ်သက်လို့ KIA နဲ့ အစိုးရတပ်တွေ အကြား တိုက်ပွဲ ဖြစ်ရာကနေ ကျည်ဆံ ထိမှန် သေဆုံးခဲ့တာလို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် အဲ့ဒီ ကျောင်းသူလေး မဂျာဆိုင်းအိမ်နဲ့ အတူ တခြား ကျောင်းသူ ကျောင်းသားတွေ ကျောင်းက ပြန်လာချိန် အစိုးရ စစ်တပ်က စစ်သားတွေ မူးယစ်ရမ်းကားပြီး အချင်းချင်း ပစ်ရာကနေ အခုလို ကျည်ဆံ ထိမှန် သေဆုံးခဲ့ရတာ ဖြစ်ကြောင်း မျက်မြင်သက်သေတွေက ပြန်ပြောပြတယ်လို့ ဖားကန့်မြို့ ဒေသခံ ဦးဒရှီလဆိုင်းက ဘီဘီစီကိုပြောပါတယ်။

ဒါ့အပြင် ပစ်ခတ်မှု ဖြစ်အပြီး မဂျာဆိုင်းအိမ်ရဲ့ ရွာက ရွာသားတွေကို စစ်တပ်က ခြိမ်းခြောက် ရိုက်နှက်ခဲ့တာမျိုးတွေ ရှိခဲ့တယ်လို့လည်း ပြောပါတယ်။

အဲဒီ ပစ်ခတ်မှုအတွင်း တခြားလူ ၈ဦးထက် မနည်းလည်း ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

မဂျာဆိုင်းအိမ်ရဲ့ မိဘနှစ်ပါးအနေနဲ့ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ သက်ဆိုင်ရာ အာဏာပိုင်တွေကို ဘယ်လို တိုင်တန်းရမလဲဆိုတာ မသိလို့ တိုင်တန်း တင်ပြခြင်း မလုပ်ရသေးပေမယ့် ပြည်သူတွေကို စော်ကား မော်ကားလုပ်တဲ့ ဒီလို အဖြစ်မျိုး ထပ်မကြုံအောင် ပြစ်မှုကျူးလွန်ခဲ့သူ တပ်သားကို တရားဥပဒေအရ ဖေါ်ထုတ် အရေးယူဖို့ လိုလားနေတယ်လို့ ဆိုပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။