BBC navigation

၈၈ကျောင်းသားတွေရဲ့ ဖားကန့်မြို့ ငြိမ်းချမ်းရေးခရီး

နောက်ဆုံး ရေးသားချိန် 16 စက်တင်ဘာလ 2012 - 15:25 GMT

ငြိမ်းချမ်းရေး ကြိုးပမ်းဖို့ ၈၈မျိုးဆက် ကျောင်းသားတွေ ကချင်ပြည်နယ်မှာ ရောက်ရှိနေ

ကချင်ပြည်နယ် ငြိမ်းချမ်းရေး ရရေး ကြိုးပမ်းဖို့ ကချင်ပြည်နယ်မှာ ရောက်ရှိနေတဲ့ ၈၈မျိုးဆက် ကျောင်းသား အဖွဲ့ဟာ ဖါးကန့်မြို့နယ်ကို တနင်္ဂနွေနေ့ က ရောက်ရှိလာခဲ့ရာမှာ ဒေသခံ ပြည်သူတွေက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ ကြပါတယ်။

ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စိုးရိမ်မှုတွေ ရှိခဲ့ပေမယ့် ၈၈မျိုးဆက်ကျောင်းသားတွေ လာရာ ခရီးတလျှောက်မှာ အစိုးရတပ်တွေဘက်ကရော KIA တပ်ဖွဲ့ဝင်တွေ ဘက်ကပါ တနေ့တာ အပစ်ရပ် ထားခဲ့တာမို့ မင်္ဂလာရှိတဲ့ နေ့တနေ့ ဖြစ်တယ်လို့ ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်တဦး ဖြစ်တဲ့ ကိုမင်းကိုနိုင်က ဘီဘီစီကို ပြောပါတယ်။

ဒေသခံတွေက သူတို့ ကြုံနေရတဲ့ ဒုက္ခတွေကို ပြောပြကြပြီး ဒီဒုက္ခတွေကနေ ကယ်ကြဖို့ ၈၈မျိုးဆက် ကျောင်းသားတွေကို ပန်ကြားခဲ့ကြတယ်လို့ ပြောပါတယ်။

သူတို့ရဲ့ ခရီးစဉ်တလျှောက်မှာ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေး ခဲ့တယ်လို့လည်း ဆိုပါတယ်။

တဦးနဲ့ တဦး ယုံကြည်မှု ရဖို့ ကြိုးစားနေတာ အခု အောင်မြင်စ ပြုနေပြီ ဖြစ်ကြောင်း၊ တတိုင်းတပြည်လုံး အင်အားနဲ့ ဆက်ဆောင်ရွက်သွားဖို့ လိုကြောင်း ကိုမင်းကိုနိုင်က ဘီဘီစီကို ပြောပါတယ်။

၈၈မျိုးဆက် ကျောင်းသားတွေဟာ ဖားကန့်မြို့နယ် နန့်မဆစ် ကျေးရွာက စိန့်ဂျိုးဇက် ကက်သလစ် ခရစ်ယာန် ဘုရားကျောင်းမှာ ခိုလှုံနေကြတဲ့ ဒုက္ခသည် ကလေးငယ် တွေအတွက် ငွေ ၁၀သိန်း လှူဒန်းခဲ့တယ်လို့ သိရပါတယ်။

ကိုမြအေးနဲ့ ၈၈ မျိုးဆက်ကျောင်းသား တချို့ဟာ ဇူလိုင်လတုန်းက ကေအိုင်အို ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဗိုလ်ချုပ် ဂွမ်မော်၊ ဦးလနန် တို့နဲ့ရော၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းအဖွဲ့ ဒုတိယ ဥက္ကဌ ဦးအောင်မင်းနဲ့ပါ သီးခြားစီ တွေ့ဆုံပြီး ကချင်ပြည်နယ် ငြိမ်းချမ်းရေး ရရေး ဆွေးနွေး ပြောဆိုခဲ့ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။