BBC navigation

တိုင်းရင်းသား ညီလာခံ လမ်းပြမြေပုံ ထုတ်ပြန်

နောက်ဆုံး ရေးသားချိန် 17 စက်တင်ဘာလ 2012 - 01:38 GMT

နှစ်ဆန်းပိုင်းတုန်းက ကျင်းပခဲ့တဲ့ ချင်းမိုင်မြို့က တိုင်းရင်းသား ညီလာခံ တခု

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ၊ ပြည်တွင်း ပြည်ပက နိုင်ငံရေး ခေါင်းဆောင်တွေ လူထုအခြေပြု အဖွဲ့အစည်းတွေ ကျင်းပပြုလုပ်တဲ့ တိုင်းရင်းသား လူမျိုးများ ညီလာခံဟာ မနေ့က ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။

ညီလာခံ ကနေ ငြိမ်းချမ်းရေး စီမံချက်နဲ့ လမ်းပြမြေပုံ ၆ ချက်ကို သဘောတူ ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။

ကရင် အမျိုးသား အဖွဲ့အစည်း (KNU) ၊ ကချင် လွတ်မြောက်ရေး အဖွဲ့အစည်း(KIO) ချင်းအမျိုးသား တပ်ဦး (CNF) ၊ ရှမ်းပြည် ဖွံ့ဖြိုး တိုးတက်ရေး ပါတီ (SSPP) စတဲ့ လက်နက်ကိုင် အဖွဲ့တွေနဲ့ ချင်း၊ ကချင်၊ ကရင်၊ ကရင်နီ၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ ပြည်နယ်တွေက လူထုအခြေပြု အဖွဲ့အစည်းတွေ၊ ပြည်တွင်း ပြည်ပက နိုင်ငံရေး ခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးမှာ အဓိက အခန်းကဏ္ဍ အဖြစ် ပါ၀င်တဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင် နိုင်ဖို့ အတွက် ချင်းမိုင်မြို့မှာ စက်တင်ဘာလ ၁၄ ရက်နေ့ ကနေ ၁၆ ရက်နေ့အထိ ၃ ရက်ကြာ တိုင်းရင်းသား လူမျိုးများ ညီလာခံ တရပ် ကျင်းပ ပြုလုပ်ခဲ့ ကြပါတယ်။

အဲဒီညီလာခံမှာ ကိုယ်စားလှယ်ပေါင်း ၁၅၀ ကျော် တက်ရောက်ခဲ့ပြီး အဆင့် ၃ ဆင့်ပါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ အဲဒီလုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ဖို့ အချက် ၆ ချက်ပါ လမ်းပြမြေပုံကို ရေးဆွဲ ထုတ်ပြန် လိုက်ပါတယ်။

တိုင်းရင်းသား ညီလာခံကနေ ရေးဆွဲထားတဲ့ အဆင့် ၃ ဆင့်ပါ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ထဲက အဓိက အချက်တွေ ကတော့ တိုင်းရင်းသား ဒေသတွေမှာ အစိုးရ စစ်တပ်ရဲ့ ထိုးစစ်ဆင်မှုတွေကို ချက်ချင်း ရပ်တန့်ပေးပြီး နှစ်ဖက်တပ်များ လိုက်နာရမယ့်ကျင့်၀တ် (Military Code of Conduct) ကို ပြဌာန်း လုပ်ဆောင်ရမယ် ၊ အပစ်အခတ် ရပ်စဲထားတဲ့ ကာလမှာ ပြည်သူလူထုရဲ့ လုံခြုံရေးနဲ့ လူ့အခွင့်အရေးအတွက် အာမခံချက် ပေးရမယ် ၊ ပြီးရင် လွှတ်တော် ပြင်ပမှာ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေး ဖြေရှင်းဖို့ အာမခံချက်ပါတဲ့ သဘောတူညီချက် ရှိရမယ် ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ နိုင်ငံတကာ လေ့လာ စောင့်ကြည့်ရေးအဖွဲ့ ပါ၀င် စောင့်ကြည့်မှုကို ခွင့်ပြုရမယ် ၊ မြေယာ အပါအ၀င် သဘာ၀ ရင်းမြစ်တွေကို အသုံးပြုပြီး လုပ်ဆောင်နေတဲ့ မဟာဖွံ့ဖြိုးရေးစီမံကိန်း ကြီးတွေကို ရပ်တန့် တားမြစ်မှု လုပ်ရမယ်စတဲ့ ပဏာမ ဆွေးနွေးရေး ၊ ပဏာမ ဘုံ သဘောတူညီချက် တွေကို အကောင်အထည်ဖော်ရေး၊ နိုင်ငံရေး ဆွေးနွေပွဲ ပြုလုပ်ရေး အဆင့်တွေပွဲဖြစ်ပါတယ်။

နောက်ပြီးတော့ အဲဒီလုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ဖို့ အချက် ၆ ချက်ပါ လမ်းပြမြေပုံ ၆ ချက်တွေကတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ အမျိုးသမီးနဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေ တွေ့ဆုံ ဆွေးနွေးကြပြီး “နိုင်ငံရေး ဆွေးနွေးပွဲ ဆိုင်ရာမူဘောင်” (Framework for Political Dialogue) မှာ ပါဝင်မယ့် အချက်အလက်များ ချမှတ်ဖို့၊ ပြည်ထောင်စု အစိုးရ ကိုယ်စားလှယ် များနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ စုစည်းထားတဲ့ ကိုယ်စားလှယ်တွေ နှစ်ဘက်စလုံး လက်ခံနိုင်တဲ့ နေရာမှာ တွေ့ဆုံ ဆွေးနွေးပြီး “တွေ့ဆုံ ဆွေးနွေးရေးဆိုင်ရာ မူဘောင် သဘောထား” (The Framework of Political Dialogue) သဘောတူညီချက် ရရှိဖို့၊ ပြီးရင် တိုင်းရင်းသား အင်အားစုများရဲ့ ကိုယ်စားလှယ်တွေ၊ ဒီမိုကရေစီနည်း အရ လှုပ်ရှားနေကြတဲ့ နိုင်ငံရေး အင်အားစုရဲ့ ကိုယ်စားလှယ်တွေ၊ အစိုးရ ကိုယ်စားလှယ်တွေ အချိုးကျကျ ပါဝင်ပြီး ပင်လုံ စိတ်ဓါတ်ကို အခြေခံတဲ့ ပြည်ထောင်စု ညီလာခံကြီး တရပ် ကျင်းပပြီး “တိုင်းရင်းသား လူမျိုးများဆိုင်ရာ ပြည်ထောင်စု သဘောတူညီချက်” (Union Accord) အဖြစ် သဘောတူ လက်မှတ်ရေးထိုးဖို့ စတာတွေပဲဖြစ်ပါတယ်။

ဒီလုပ်ငန်းစဉ်တွေ အချက်တွေကို ညီလာခံမှာ ဖွဲ့စည်းထားတဲ့ တိုင်းရင်းသား ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ တို့က (Working Group for Ethnic Co-Cordination) တို့က တာ၀န်ယူ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ဒီလုပ်ငန်းစဉ်တွေကို တကယ့်လက်တွေ့ အောင်မြင်အောင် ဖော်ဆောင်နိုင်ဖို့အတွက် အချိန်တော်တော်ကြာ ယူရမယ် အနည်းဆုံး ၃ နှစ်လောက် ဖြစ်လိမ့်မယ်လို့ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့က ပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။