BBC navigation

ကချင်မှာ အပစ်ရပ်ဖို့ ၈၈ ကျောင်းသားတွေ မေတ္တာရပ်

နောက်ဆုံး ရေးသားချိန် 18 စက်တင်ဘာလ 2012 - 01:14 GMT

ကချင် ဒေသကို ရောက်သွားခဲ့တဲ့ ဂဂ မျိုးဆက် ကျောင်းသား အဖွဲ့၀င် တယောက် ဖြစ်တဲ့ ကိုမင်းကိုနိုင်

၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က ကိုမင်းကိုနိုင်နဲ့ အဖွဲ့ဝင် တချို့ဟာ ကချင်ပြည်နယ် ဖားကန့်က မြို့မိ မြို့ဖတွေ သံဃာတော်တွေနဲ့ တခြား ဘာသာရေး ခေါင်းဆောင်တွေ ၊ လူမှုရေး အဖွဲ့တွေနဲ့ တနင်္လာ နေ့က တွေ့ဆုံပြီး ကချင် ပြည်နယ် အတွင်းမှာ နှစ်ဖက် တပ်တွေဘက်က တိုက်ပွဲတွေ ရပ်စဲဖို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ ထုတ်ပြန်ချက်ထဲမှာ ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ စစ်ပွဲတွေကို ဘယ်လိုလုပ် အမြန်ဆုံး ရပ်ဆိုင်း ပေးနိုင်မလဲ ဆိုတာကို ဝိုင်းဝန်း အဖြေရှာဖို့ မေတ္တာ ရပ်ခံချက် ထုတ်ပြန်တာ ဖြစ်ကြောင်း အဖွဲ့၀င် တယောက်ဖြစ်တဲ့ ကိုဌေးကြွယ်က ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် ပြည်သူတွေ ၊ နှစ်ဖက် တပ်ဖွဲ့က ရဲဘော်တွေ ထိခိုက် နစ်နာ သေကြေ ပျက်စီး နေရသလို လူထုက စိုးရိမ် ကြောက်လန့်နေရတဲ့ အခြေအနေမှာ ရှိနေပြီး စစ်ပွဲတွေနဲ့ ဖြေရှင်းမယ့် အစား တွေ့ဆုံ ဆွေးနွေးခြင်းနဲ့ အဖြေရှာ ကြဖို့ ကိုလည်း တိုက်တွန်းလိုကြောင်း သူက ဆိုပါတယ်။

အဲဒီလို အဖြေရှာရာမှာ လူထုဆန္ဒက ငြိမ်းချမ်းတဲ့ နည်းနဲ့ ဖြေရှင်းလိုတဲ့ ဆန္ဒကိုလည်း လေးစား သင့်ကြောင်း သူက ပြောပါတယ်။

ဒါ့အပြင် လက်ရှိမှာ အပစ်ရပ်ပြီး ဖြေရှင်းသွားနိုင်ဖို့ နည်းလမ်း ရှာရမယ် လိုလည်း ကိုဌေးကြွယ်က ဆိုပါတယ်။

ငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာ နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်အောင် စစ်ရေး အရ ဖိအားပေးလို့ မရဘဲ တကယ့် ယုံကြည်မှု နားလည်မှုကို တည်ဆောက်ရမယ် ၊ ဒါမှသာ နှစ်ဖက် ရန်ငြိုး အမုန်း ပိုပွားလာမှုတွေ ရပ်တန့် သွားနိုင်မယ်လို့ သူက ရှင်းပြခဲ့ပါတယ်။

သူတို့ အနေနဲ့ ဒီဒေသကို ရောက်လာရခြင်းက တကယ် ဖြစ်နေတဲ့ စစ်ပွဲ အခြေအနေကို ကြည့်ပြီး ဘာအကောင်းဆုံး လုပ်ပေးနိုင်မလဲ ဆိုတာ လာကြည့်တာ ဖြစ်ကြောင်း ၊ ပြည်သူတွေ အသံ နားထောင်ဖို့ ရောက်လာတာ ဖြစ်သလို နှစ်ဖက်ကြား မြေဇာပင် ဖြစ်နေတဲ့ ပြည်သူတွေရဲ့ အခြေအနေကို လာရောက် လေ့လာတာပါလို့ ဆိုပါတယ်။

ဒါ့အပြင် ဒီ ကချင် အရေးဟာ ပြည်ထောင်စု တခုလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စ ဖြစ်တာကြောင့် သူတို့ အနေနဲ့ အလေးထား လုပ်ဆောင်သွားဖို့ ခံယူထားကြောင်း ကိုဌေးကြွယ်က ပြောသွားခဲ့ပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။