BBC navigation

ရွှေဝါရောင် သံဃာ့ လှုပ်ရှားမှု ၅ နှစ်ပြည့်ကျင်းပ

နောက်ဆုံး ရေးသားချိန် 18 စက်တင်ဘာလ 2012 - 17:45 GMT
_monks_saffron_revolution_

သံဃာ့လှုပ်ရှားမှု ၅ နှစ်ပြည့် ကျင်းပနေကြစဉ်

၂၀၀၇ ခုနှစ် စက်တင်ဘာလထဲမှာ ပုခုက္ကူ မြို့မှာ သံဃာတော် တွေကို အစိုးရက ညှင်းပန်း နှိပ်စက်မှုတွေ လုပ်ခဲ့တဲ့ အပေါ် တောင်းပန်ဖို့ သံဃာတော်တွေက ၇ ရက် အချိန်ပေး ခဲ့ပေမယ့် မတောင်းပန်ခဲ့တဲ့ အတွက် ၂၀၀၇ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့မှာ ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ် မှောက်ခဲ့ကြတာ ၅ နှစ် ရှိခဲ့ပြီ ဖြစ်ပါတယ်။

ဒီလို ကံဆောင် သပိတ်မှောက်ခဲ့တာ ၅ နှစ်ပြည့်တဲ့ အခမ်းအနား ကိုတော့ ရန်ကုန်မြို့ အရှေ့ဒဂုံ၊ တက္ကသီလာ ကျောင်းတိုက်မှာ သံဃာ အပါး ၁၀၀ လောက်ဦးစီးပြီး ကျင်းပခဲ့ရာမှာ ၈၈ မျိုးဆက်ကျောင်းသားတွေ၊ ဗကသ ကျောင်းသား တွေနဲ့ နိုင်ငံရေး ပါတီတွေ တက်ရောက် ခဲ့ကြပါတယ်။

ဒီအခမ်းအနား ကျင်းပရေး ကော်မတီကလည်း ကြေညာချက် ထုတ်ပြန်ရာ အဲဒီထဲမှာ အစိုးရအပေါ် သပိတ် မှောက်ကံဆောင် ထားတာတွေကို ပယ်ဖျက်ဖို့ အစိုးရဘက်က သံဃာတော် တွေနဲ့ ဆွေးနွေး ဖို့လည်း ပန်ကြား ထားပါတယ်။

ဒီနေ့ကို နိုင်ငံလုံး ဆိုင်ရာ ရွှေဝါရောင် တော်လှန်ရေးနေ့ အဖြစ်လည်း သတ်မှတ်ခဲ့ပါတယ်။ ဒီအကြောင်း ကျင်းပရေး ကော်မတီ အဖွဲ့ဝင် ဆရာတော် ဦးဿဒ္မမ္မကို ဘီဘီစီက ဆက်သွယ် မေးမြန်းကြည့်ရာမှာတော့ သမိုင်းမှာ မှေးမှိန်မသွား အောင်အခုလို သတ်မှတ် ခဲ့တဲ့ အကြောင်း ပြောပါတယ်။

ကြေညာချက်ထဲက အချက် ၉ အရ ကံဆောင် ထားတာကို ပယ်ဖျက်ပေးလို့ ရပြီလို့ ယူဆပါသလား ဆိုတာကိုတော့ အခုအစိုးရဟာ အရင် စစ်အစိုးရရဲ့ အမွေဆိုး တွေကို ဆက်ခံပြီး ပြုပြင် ပြောင်းလဲ လာခဲ့တာ ဖြစ်တဲ့ အကြောင်း၊ တချို့သော ပြုပြင် ပြောင်းလဲမှု တွေကို သံဃာတော် တွေက အသိအမှတ် ပြုတဲ့ အကြောင်းနဲ့ သံဃာတော် တွေရဲ့ အပေါ်မှာ တင်ရှိနေတဲ့ အပြစ်ဒဏ်တွေကို တရားဝင် ပယ်ဖျက် နိုင်ဖို့ အတွက်တော့ တောင်းပန်ဖို့ လိုတဲ့ အကြောင်း ပြောပါတယ်။

အစိုးရ ကိုယ်တိုင်မလုပ် နိုင်ရင်တောင် သာသနာရေး ဝန်ကြီးက ဒီကိစ္စကို ပြေငြိမ်းဖို့ တရားဝင် လျှောက်ထားဖို့ လိုတဲ့အကြောင်း၊ အဲဒီလို လျှောက်ထား လာခဲ့ရင် သပိတ်ကို ပြန်လှန်ပေးနိုင်မှာ ဖြစ်ကြောင်း ပြောကြား သွားခဲ့ပါတယ်။

သံဃာတော်တွေရဲ့ အခြေအနေ တွေကနဲ့ ပတ်သက်လို့ကတော့ ၂၀၀၇ ခုနှစ်ကနဲ့ နှိုင်းရင် သိသိသာသာ ပြောင်းလဲ လာတာမျိုးတော့ မရှိသေးတဲ့ အကြောင်း၊ သာယာဝတီနဲ့ မြစ်ကြီးနား ဘက်က ထောင်တွေထဲမှာ အကျဉ်းကျခံနေရတဲ့ သံဃာတော်တွေ ကျန်နေသေးတဲ့ အကြောင်း ကိုလည်း ပြောကြား သွားခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။