BBC navigation

၈၈ မျိုးဆက်ကျောင်းသားတွေ နိုင်ငံကူး လက်မှတ်ရပြီ

နောက်ဆုံး ရေးသားချိန် 19 စက်တင်ဘာလ 2012 - 17:08 GMT
88 Generation students

အကုန်ရရင်ရ မရရင် မလိုချင်ဘူးဆိုလို့ အားလုံးကို နိုင်ငံကူး လက်မှတ်ထုတ်ပေးလိုက်ပြီ

နိုင်ငံကူးလက်မှတ် လျှောက်ထားတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တွေ အားလုံးကို နိုင်ငံကူးလက်မှတ်တွေ ထုတ်ယူခွင့် ပြုလိုက်ပြီလို့ သိရပါတယ်။

နိုင်ငံကူးလက်မှတ် လျှောက်ထား ခဲ့ကြသူ ၈၈ မျိုးဆက် ကျောင်းသား ၁၉ ယောက် ထဲမှာ အရင်က ကိုမင်းကိုနိုင်နဲ့ ကို မြအေး တို့ကိုသာ ထုတ်ပေးခဲ့ ပေမဲ့ စက်တင်ဘာ ၁၉ ရက်နေ့ မှာတော့ ကျန်တဲ့ ၁၇ ယောက် စလုံးကို နိုင်ငံကူး လက်မှတ်တွေ လာထုတ်နိုင်ကြောင်း အာဏာပိုင်တွေ ဘက်က အကြောင်းကြားခဲ့ တယ်လို့ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့က ပြောပါတယ်။

ကိုမင်းကိုနိုင်ဟာ အမေရိကန် ပြည်ထောင်စု National Endowment for Democracy (NED) အဖွဲ့က စက်တင်ဘာ ၂၀ ရက်နေ့မှာ ချီးမြှင့်မယ့် ဒီမိုကရေစီဆုကို တခြားမြန်မာ လေးဦးနဲ့ အတူ ဝါရှင်တန် ဒီစီ မှာ သွားယူဖို့ မူလက အစီအစဉ် ရှိခဲ့ပေမဲ့ တဖွဲ့ထဲက လျှောက်ထားသူ အားလုံးကို အညီအမျှ နိုင်ငံကူးလက်မှတ် ထုတ်ပေးတာ မဟုတ်တဲ့ အတွက် ကန့်ကွက်တဲ့ အနေနဲ့ မသွားတော့ဘူးလို့ ကြေညာထားပါတယ်။

အခုလောလောဆယ်မှာ ကိုမင်းကို နိုင်ဟာ ကချင်ပြည်နယ်မှာ ခရီးသွားနေပြီး အခုလို အားလုံး နိုင်ငံကူး လက်မှတ်ရတာ မသိသေးတဲ့ အကြောင်း၊ သိရရင်တော့ သူ့ခရီးစဉ်နဲ့ ပတ်သက်ပြီး ဘယ်လို လုပ်ရမယ်ဆိုတာ ဆက်စဉ်းစား ဆုံးဖြတ်သွားမှာ ဖြစ်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့က ကိုအံ့ဘွယ်ကျော်က ဘီဘီစီကို ပြောပါတယ်။

အကျဉ်းကျခံပြီး ပြန်လွတ်လာတဲ့ ကျောင်းသားတွေ ကျောင်းပြန်တက်ခွင့်မရတာ၊ နိုင်ငံကူး လက်မှတ်လျှောက်ထားရင်လဲ တချို့ကို တစ်နှစ်စောင့်ကြည့် အဖြစ် သတ်မှတ်ထားတယ်ဆိုတဲ့ အကြောင်းပြန်ကြားချက် ရတာတွေ ရှိနေသေးတယ်လို့လဲ သိရပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။