BBC navigation

ပိတ်ဆို့မှု လျှော့ပေါ့ ရေး ဒေါ်စု ထောက်ခံ

နောက်ဆုံး ရေးသားချိန် 19 စက်တင်ဘာလ 2012 - 16:06 GMT
US Secretary of States and Daw Aung San Suu Kyi

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးနဲ့ ဒေါ်အောင်ဆန်း စုကြည်

မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှု ခေါင်းဆောင် အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် ကော့မှူး မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်က အမေရိကန် ပြည်ထောင်စုကို ရောက်ရှိ နေစဉ် မြန်မာ အပေါ် အမေရိကန်ရဲ့ ပိတ်ဆို့ အရေး ယူမှုတွေ လျှော့ပေါ့ ပေးရေးကို ထောက်ခံတဲ့ အကြောင်း အတိ အလင်း ထုတ်ဖော် ပြောလိုက် ပါတယ်။

အင်္ဂါ နေ့က ဒေါ်အောင်ဆန်း စုကြည်ဟာ Asia Society နဲ့ US Institute for Peace တို့ပူးတွဲ ကျင်းပတဲ့ မြန်မာ နိုင်ငံ အပြောင်း အလဲ ဆွေးနွေးပွဲမှာ မိန့်ခွန်း ပြောခဲ့စဉ် အခုလို ပြောခဲ့ တာပါ။

ဒေါ်အောင်ဆန်း စုကြည်က အခု အချိန်မှာ မြန်မာ နိုင်ငံ အပေါ် ပိတ်ဆို့ အရေးယူ ထားမှုတွေ လျှော့ပေးဖို့ သူထောက်ခံကြောင်း၊ မြန်မာ ပြည်သူ တွေဟာ ဒီမို ကရေစီရေး အတွက် အမေရိကန်ရဲ့ ပိတ်ဆို့ အရေးယူမှု တွေကိုသာ အားကိုး မနေဘဲ ကိုယ့်ဟာကိုယ် ကြိုးစား လုပ်ယူ သွားရမယ့် အချိန် ဖြစ်ကြောင်း ပြောခဲ့ ပါတယ်။

အမေရိကန် ရောက်ရောက်ချင်း ပထမဆုံး ပြောသွားတဲ့ သူ့ မိန့်ခွန်းထဲမှာ ဒေါ်အောင်ဆန်း စုကြည် အခုလို ထည့်သွင်း ပြောသွား တာကို ကြိုဆိုတယ်လို့ ပိတ်ဆို့ အရေးယူမှုတွေ ရုပ်သိမ်း ပေးရေးကို လိုလားတဲ့ NDF အမျိုးသား ဒီမို ကရေစီ အင်အားစု ပါတီရဲ့ ခေါင်းဆောင် တစ်ယောက် ဖြစ်တဲ့ ဦးခင်မောင်ဆွေကပြော ပါတယ်။

မြန်မာ နိုင်ငံက ပြုပြင် ပြောင်းလဲမှု တွေကို မျက်စိ စုံမှိတ် ယုံကြည်ကြမယ့် အစား သတိနဲ့ ဆင်ခြင် ကြဖို့ ဒေါ်အောင်ဆန်း စုကြည်က သူ့ရဲ့ ထိုင်းနိုင်ငံ ခရီးစဉ် အတွင်းမှာ ပြောခဲ့တာ လပိုင်း လောက်သာ ရှိသေး တာမို့ အခု သူ့ရဲ့ သဘောထား ပြောင်းလဲမှုက မြန်မာ နိုင်ငံရဲ့ အရေး တကြီး လိုအပ်ချက်ဟာ ဘာလဲ ဆိုတာ သူသိရှိ လာတဲ့ အရည် အချင်းဟာ လေးစား လောက်တယ် လို့ လည်း ဦးခင်မောင်ဆွေက ပြော ပါတယ်။

တချိန်တည်းမှာပဲ ပိတ်ဆို့ အရေး ယူမှုတွေ ရုပ်သိမ်း ပေးတာကို သတိထားဖို့ ပြောနေကြသူ တွေလည်း ရှိနေ ပါတယ်။

တိုင်းရင်းသား ပါတီ တစ်ခု ဖြစ်တဲ့ မွန်ပြည်သစ် ပါတီ အထွေထွေ အတွင်း ရေးမှူး လည်းဖြစ်၊ UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ အထွေထွေ အတွင်းရေးမှူး လည်း ဖြစ်တဲ့ ဦးနိုင်ဟံသာ ကတော့ ပိတ်ဆို့မှု လျှော့ပေါ့တာ နဲ့ လုံးဝ ရုပ်သိမ်းတာ မတူတဲ့ အကြောင်းနဲ့ ပိတ်ဆို့မှု လျှော့ပေါ့ပေးတယ် ဆိုတာဟာ သမ္မတ ဦးသိန်းစိန် ဘက်က အပြောင်း အလဲ လုပ်တာကို အသိအမှတ်ပြုပြီး အားပေးတဲ့ သဘောဖြစ်တယ် လို့ ပြောပါတယ်။

အခု လောလောဆယ် အချိန်မှာ တိုင်းရင်းသား လက်နက်ကိုင် တွေနဲ့ နိုင်ငံရေး ဆွေးနွေးတာ မရှိသေးဘဲ ငြိမ်းချမ်းရေး တည်ဆောက်တဲ့ ခြေလှမ်းမျိုး မတွေ့ရ သေးတဲ့ အတွက် ပိဆ်ဆိုမှု ရုပ်သိမ်း တာမျိုးကိုတော့ တိုင်းရင်းသား နယ်မြေ တွေ မှာ အမှန်တကယ် ငြိမ်းချမ်းရေး ရမှသာ ပြုလုပ်သင့်တယ်လို့ ဦးနိုင်ဟံသာက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။