BBC navigation

မြန်မာသမ္မတကို အမေရိကန် အရေးယူမှု လျှော့ပေး

နောက်ဆုံး ရေးသားချိန် 20 စက်တင်ဘာလ 2012 - 15:28 GMT
President of Burma, U Thein Sein

အမေရိကန်မှာ စီးပွား လုပ်ကိုင်ခွင့်နဲ့ ပစ္စည်း ဥစ္စာ ပိုင်ဆိုင်ခွင့် တားမြစ်ချက်ကို ရုပ်သိမ်းပေးခဲ့

မြန်မာ နိုင်ငံရဲ့ အဓိက အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် အမေရိကန် ပြည်ထောင်စုကို ရောက်ရှိ နေချိန်မှာ သမ္မတ ဦးသိန်းစိန် အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှု တွေကို အမေရိကန် အစိုးရက ဖယ်ရှား ပေးလိုက် ပါတယ်။

သမ္မတ ဦးသိန်းစိန် အပေါ် ဒဏ်ခတ် ပိတ်ဆို့ထားခဲ့တဲ့ အမေရိကန်မှာ စီးပွား လုပ်ကိုင်ခွင့်နဲ့ ပစ္စည်း ဥစ္စာ ပိုင်ဆိုင်ခွင့် တားမြစ်ချက် တွေကို အမေရိကန် ဘဏ္ဍာရေး ဌာနက ရုပ်သိမ်း လိုက်တာ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်ဖို့ လာမယ့် သီတင်းပတ်မှာ အမေရိကန်ကို ရောက်မှာ ဖြစ်ပါတယ်။

မြန်မာ နိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးမှာ အမေရိကန်က ဆက်လက် ပံ့ပိုး ကူညီသွားမယ် ဆိုတာ ဗုဒ္ဓဟူး နေ့က အိမ်ဖြူတော်မှာ ဒေါ်အောင်ဆန်း စုကြည်နဲ့ သမ္မတ အိုဘားမား တွေ့ဆုံ ဆွေးနွေး ခဲ့စဉ် သမ္မတ အိုဘားမားက အခိုင် အမာ ပြောခဲ့ပါတယ်။

အဲဒီလို မတွေ့ဆုံခင် ဒေါ်အောင်ဆန်း စုကြည်ဟာ အမေရိကန် လွှတ်တော်က အပ်နှင်းတဲ့ အမြင့်ဆုံး ဂုဏ်ထူးဆောင် ရွှေတံဆိပ် ဆုကို လက်ခံ ရယူခဲ့ပါတယ်။

စစ်အစိုးရ အုပ်ချုပ်မှု အောက်မှာ ဆယ်စုနှစ် အတော်ကြာအောင် အမှောင်လွှမ်း နေခဲ့ ရတဲ့ အချိန်တွေမှာ မြန်မာ နိုင်ငံ အရေးကို ထောက်ခံ ခဲ့ကြတဲ့ အမေရိကန် ပြည်သူ တွေကို ကျေးဇူး တင်ကြောင်း နဲ့ ငြိမ်းချမ်း သာယာပြီး အခြေခံ လူ့ အခွင့် အရေးတွေကို အကာအကွယ် ပေးတဲ့ နိုင်ငံ ဖြစ်အောင် ရှေ့ဆက် ရေးမှာ မိတ်ဆွေတွေက ဆက်ပြီး ပံ့ပိုး ပေးမယ် ဆိုတာ သူ အခိုင်အမာ ယုံကြည်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ဆောင်မှုတွေ ကနေ မြန်မာ နိုင်ငံမှာ အခြေ အနေတွေ ပြောင်းလဲမှု ဖြစ်လာကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောခဲ့ ပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့က မြန်မာ နိုင်ငံ တိုင်းရင်းသားများ ပွင့်လင်း တက္ကသိုလ် က ပါမောက္ခ ဆရာ ကမ္ဘောဇ ဝင်းကတော့ ဒေါ်အောင်ဆန်း စုကြည်ဟာ ထိုင်းနိုင်ငံ ခရီးစဉ် တုန်းက ပြည်သူလူထု အတွက် အထူး သဖြင့် တိုင်းရင်းသား တွေ ဘက်က ရပ်တည်ပြီး အမှန် အတိုင်း ပြောခဲ့တယ်၊ ဒါပေမဲ့ အခု အမေရိကန် ပြည်ထောင်စုကို ရောက်ရှိစဉ် ပြောတဲ့ စကား တွေကတော့ အစိုးရနဲ့ သဟ ဇာတ ဖြစ်အောင် ပြောနေတာလို့ ဝေဖန် ထောက်ပြ ပါတယ်။

ဒါပေမဲ့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ အခု ခရီးစဉ်က အမေရိကန်နဲ့ မြန်မာ ဆက်ဆံရေး အတွက် အကျိုးရှိတယ်လို့ သူက သုံးသပ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။