BBC navigation

မြန်မာ သမ္မတက တရုတ် ဒုတိယ သမ္မတနဲ့ သွားတွေ့

နောက်ဆုံး ရေးသားချိန် 21 စက်တင်ဘာလ 2012 - 16:01 GMT
China ASEAN Expo

သမ္မတ ဦးသိန်းစိန်၊ တရုတ် ဒုသမ္မတနဲ့ လော နိုင်ငံ ဝန်ကြီးချုပ်တို့ ကုန်စည် ပြပွဲ ဖွင့်ပွဲ တက် ရောက်

တရုတ် နိုင်ငံကို ချစ်ကြည်ရေး ခရီးစဉ် အဖြစ် ရောက်ရှိ နေတဲ့ မြန်မာ သမ္မတ ဦးသိန်းစိန်ဟာ သောကြာနေ့က စတင် ဖွင့်လှစ်တဲ့ ၉ ကြိမ်မြောက် တရုတ် အာဆီယံ ကုန်စည် ပြပွဲကို တက်ရောက်ပြီး တရုတ် ဒုတိယ သမ္မတ ရှီကျင်ပင်း ကို သွားရောက် တွေ့ဆုံခဲ့ ပါတယ်။

ဒုတိယ သမ္မတ ရှီကျင်ပင်း ဖွင့်လှစ် ပေးခဲ့တဲ့ တရုတ် နိုင်ငံ တောင်ပိုင်း နန်နင် မြို့က ကုန်စည် ပြပွဲ ဖွင့်ပွဲ အခမ်းအနားကို မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးဝင်းမြင့်က အခမ်းအနားမှူး အဖြစ် ဆောင်ရွက်ပြီး သမ္မတ ဦးသိန်းစိန်က အာဆီယံနိုင်ငံများ ကိုယ်စား အဖွင့်မိန့် ခွန်း ပြောခဲ့ ရာမှာ တရုတ်နဲ့ အာဆီယံ နိုင်ငံတွေရဲ့ ဆက်ဆံရေး အရေးကြီး ကြောင်း ပြောခဲ့ပါတယ်။

နယူးယောက်မြို့မှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ရောက်ဖို့ လာမယ့် သီတင်းပတ်ထဲမှာ အမေရိကန် ပြည်ထောင်စုကို မသွားရောက်ခင် သမ္မတ ဦးသိန်းစိန်က တရုတ်နိုင်ငံ ကို သွားရောက်တဲ့ ခရီးစဉ်ဟာ ထူးခြားတယ်လို့ အကဲခတ် တွေက သုံးသပ် ပါတယ်။

သြစတြေးလျ နိုင်ငံ ဆစ်ဒနီ တက္ကသိုလ်က China Studies Centre ရဲ့ ဒါရိုက်တာ ဒေါက်တာ ကယ်ရီ ဘရောင်း ကတော့ မြန်မာ နိုင်ငံရဲ့ အရေး ပါတဲ့ အိမ်နီးချင်း တရုတ် နိုင်ငံကို သမ္မတ ဦးသိန်းစိန် သွားရောက်တာဟာ တရုတ်နိုင်ငံရဲ့ ခေါင်းဆောင်သစ် တွေနဲ့ ကင်းကွာ သွားတာမျိုး မဖြစ်ချင်တာက အဓိက ဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာ နိုင်ငံ မှာ ပြုပြင်ပြောင်းလဲ မှုတွေ မြန်မြန် ဆန်ဆန် ဖြစ်လာပြီး တခြား နိုင်ငံတွေနဲ့ပါ ကျယ်ကျယ် ပြန့်ပြန့် ဆက်ဆံရေး တိုးချဲ့လာ နေသလို အမေရိကန် ကလည်း မြန်မာ နိုင်ငံရဲ့ အရေးပါတဲ့ ဧရိယာတွေမှာ စတင် လှုပ်ရှား လာတဲ့ အတွက်တော့ တရုတ် ဘက်က အနည်းငယ် စိုးရိမ်နိုင်တယ်လို့ ဒေါက်တာ ဘရောင်းက ယူဆပါတယ်။

ဒါ့အပြင် သူက ဒေသတွင်း အရင်က ပါဝင် ပတ်သက်မှု မရှိတဲ့ နေရာတွေ အထူးသဖြင့် မြန်မာ နိုင်ငံလို တရုတ်ရဲ့ အိမ်နီးချင်း နိုင်ငံတွင်းမှာ အမေရိကန် သြဇာသက်ရောက် လာတာကို တရုတ် နိုင်ငံဘက်က စိုးရိမ်ပေမဲ့ ဒီအနေ အထားကို လက်မခံချင်လို့ မရဘူးလို့ ပြောပါတယ်။

မြန်မာနိုင်ငံ အနေနဲ့ တရုတ်နိုင်ငံဟာ အိမ်နီးချင်း စျေးကွက် ကြီးလည်း ဖြစ်နေတဲ့ အတွက် အမြဲတန်း စီးပွားရေး အဆက် အသွယ် ရှိနေခဲ့ ပေမဲ့ ဒီစျေးကွက် တစ်ခုတည်း အပေါ် မီခို နေဖို့ မဖြစ်နိုင်ဘဲ စျေးကွက် သစ်ရှာသင့်တယ်လို့ ဒေါက်တာ ကယ်ရီ ဘရောင်း က ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။