BBC navigation

ခေါင်းဆောင် ၄ ဦးကို Global Citizen ဆု ပေးအပ်

နောက်ဆုံး ရေးသားချိန် 22 စက်တင်ဘာလ 2012 - 00:42 GMT
DASSK Global Citizen

ဒီနှစ်အတွက် ဆုရရှိသူ ၄ ဦး

ကမ္ဘာတဝန်းက ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ နိုင်ငံတကာဆက်ဆံရေး နယ်ပယ်တွေမှာ စွမ်းဆောင်နိုင်သူ ၄ ဦးကို အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့မှာ Atlantic Council လို့ ခေါ်တဲ့ ကမ္ဘာ့ရေးရာ အဖွဲ့ကြီးကနေ Global Citizen Awards လို့ခေါ်တဲ့ ကမ္ဘာသူ ကမ္ဘာသားဆု ချီးမြှင့်လိုက်ပါတယ်။

တတိယအကြိမ် ချီးမြှင့်တဲ့ ဆုပေးပွဲမှာ ဒီနှစ် ဆုရတဲ့သူတွေထဲမှာ မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်လည်းပါဝင်ပြီး သူဟာ နယူးယော့ခ်မြို့မှာ ရောက်နေတဲ့အတွက် ကိုယ်တိုင်ကိုယ်ကျ ဆုလက်ခံယူမှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပြင် လူ့အခွင့်အရေး ကျွမ်းကျင်သူ ဂျပန်က Mrs. Sadako Ogata၊ နောက်ပြီး အမေရိကန် နိုင်ငံခြားရေးရာ မဟာဗျူဟာ ပညာရှင် Dr. Henry Kissinger နဲ့ လူသားချင်းစာနာမှုဆိုင်ရာ လှုပ်ရှားသူ ဂီတပညာရှင် Quincy Jones တို့လည်း ဆုရကြပါတယ်။

Atlantic Council ဆိုတာကတော့ သူ့ရဲ့ နှစ်ပေါင်း ၅၀ သက်တမ်းအတွင်း နိုင်ငံတကာရေး ကျွမ်းကျင်သူ အမေရိကန် ပညာရှင်တွေနဲ့ နိုင်ငံတကာက ပညာရှင်တွေက ကမ္ဘာ့ရေးရာတွေ လေ့လာ ပြီး အမြင်တွေ မူဝါဒတွေ ဖလှယ်ကြ၊ နိုင်ငံတကာရေးရာဆိုင်ရာ အစီအစဉ်တွေကို ကျယ်ကျယ်ပြန်ပြန့် လုပ်ဆောင်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။ ဒီအဖွဲ့ကို Think Tank လို့ ခေါ်တဲ့ ဉာဏ်ကြီးရှင်အဖွဲ့ အဖြစ်လည်း သတ်မှတ်ကြပါတယ်။

အသက် ၈၅ နှစ်အရွယ် Mrs. Sadako Ogata ဟာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး အဖြစ် ၂၀၀၀ ခုနှစ်ထိ ၉ နှစ်ကြာ အမှုထမ်းခဲ့သလို ၁၉၉၀ ခုနှစ်တုန်းကတော့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကျွမ်းကျင်သူအဖြစ် တာဝန်ပေးခံရသူ ဖြစ်ပါတယ်။ ၈၈ အရေးအခင်းအပြီး မြန်မာနိုင်ငံအတွက် လူ့အခွင့်အရေးဆိုင်ရာ ပထမဆုံး ကုလသမဂ္ဂ အရာရှိလို့လည်း ဆိုကြပါတယ်။

အခုလို မြန်မာ့လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ အမျိုးသမီး ၂ ဦး တပြိုင်နက်တည်း အထင်ကရ ဆုလာယူနိုင်တဲ့အပေါ် ဝမ်းသာကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကိုဝမ်းကွဲလည်းဖြစ် ၊ ၁၉၉၀ ရွေးကောက်ပွဲ အမတ်တစ်ဦးလည်းဖြစ်တဲ့ ဒေါက်တာ စိန်ဝင်းက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။