BBC navigation

ဒေါ်အောင်ဆန်းစုကြည် Kentucky ပြည်နယ် ကိုရောက်

နောက်ဆုံး ရေးသားချိန် 24 စက်တင်ဘာလ 2012 - 01:07 GMT

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ကော့မှူး မြို့နယ် လွှတ်တော် အမတ် ဒေါ်အောင်ဆန်း စုကြည်

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ဟာ အမေရိကန် ပြည်ထောင်စု Kentucky ပြည်နယ်ကို စက်တာဘာလ(၂၃)ရက် မှာ ရောက်ရှိပြီး (၂၄) ရက် နံနက် (၉) နာရီ ကနေ (၁၀ )နာရီထိ Louisville တက္ကသိုလ်မှာ ဟောပြောမှာ ဖြစ်ပါတယ်။

အဲဒီပွဲမှာ ကင်တက်ကီပြည်နယ် အစိုးရ အရာရှိများနှင့် ဒေါ်အောင်ဆန်းစုကြည်ကို အထူးဖိတ်ကြားခဲ့သည့် Mitch McConnell နှင့် ဇနီးလည်း တက်ရောက်မှာဖြစ်ပါတယ်။

Kentucky ပြည်နယ်နှင့် စပ်နေသည့် Ohio ၊ Tennesse ပြည်နယ်က မြန်မာများနှင့် Texas ၊ Carolina ၊ Indiana စတဲ့ ပြည်နယ်တွေက မြန်မာ တွေလည်း ဒီပွဲကို တက်ရောက် ကြိုဆိုမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပေါ်ထွန်းလာရေးနဲ့ အဲဒီလို ပေါ်ထွန်းလာအောင် ပိတ်ဆို့ အရေးယူမှုတွေ ပြုလုပ်ရာမှာ ဦးဆောင် လှုပ်ရှားပေးခဲ့တဲ့ Mitch McConnellက ဖိတ်ကြားခဲ့တဲ့ အတွက် အခုလို ဒေါ်အောင်ဆန်း စုကြည် လာရောက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဆီးနိတ်တာ Mitch McConnell ဟာ Burmese Freedom Democracy Act 2003 ကို အမေရိကန် လွှတ်တော်မှာ တင်သွင်းပြီး ဒဏ်ခတ် ပိတ်ဆို့ အရေးယူမှုတွေ ဆောင်ရွက် နိုင်အောင် ဦးဆောင် လှုပ်ရှားပေးခဲ့သူ တယောက် ဖြစ်ပါတယ်။

စနေနေ့က နယူးယောက်မြို့ မြန်မာမိသားစု တွေနဲ့ တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ကချင်ပြည်နယ် စစ်ပွဲတွေနဲ့ ပတ်သက်ပြီး အစိုးရရဲ့ ကြိုးပမ်းချက်တွေကို ပံ့ပိုးပေးရမှာ ဖြစ်ပြီး၊ လိုအပ်ချက်တွေ ရှိရင်တော့ ထောက်ပြရမှာ ဖြစ်တယ်လို့ ပြောကြား သွားပါတယ်။

နောက်ပြီး လွှတ်တော်တွင်း ကိစ္စ၊ ချင်းပြည်နယ် တိုးတက်ရေးနဲ့ တခြား အဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့ မေးမြန်းချက်တွေကို ဒေါ်အောင်ဆန်းစုကြည် က ပြန်လည် ဖြေကြား သွားခဲ့ ပါတယ်။

နယူးယောက်မြို့ ကွင်းစ်ကောလိပ်မှာ စကားပြောနေစဉ်၊ ကောလိပ် အပြင်ဘက် မှာ ဒေါ်အောင်ဆန်းစုကြည်ကို ကန့်ကွက် ဆန္ဒပြ တာတွေ ရှိခဲ့ပါတယ်။

သူဟာ ၂၅ ရက် အင်္ဂါနေ့ မှာတော့ မြန်မာပြည်သား အများစု နေထိုင်ကြတဲ့ ဖို့ဝိန်းကို သွားရောက်ကာ အဲဒီက မြန်မာ မိသားစုတွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

မြန်မာသမ္မတ ဦးသိန်းစိန် ဟာလည်း နယူးယောက်မြို့ ကုလသမဂ္ဂ ညီလာခံကို တက်ရောက်ဖို့ ၂၄ ရက်နေ့မှာ အမေရိကန်ကို ထွက်ခွာမှာ ဖြစ်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။