BBC navigation

ဒေါ်အောင်ဆန်းစုကြည် ကန်တက်ကီကို သွားမယ်

နောက်ဆုံး ရေးသားချိန် 23 စက်တင်ဘာလ 2012 - 15:38 GMT
DASSK

ကွင်းစ်ကောလိပ်မှာ စကားပြောနေစဉ် ကောလိပ် အပြင်ဘက် မှာ ကန့်ကွက် ဆန္ဒပြ တာတွေ ရှိခဲ့

အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေတဲ့ မြန်မာ့ ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၄ ရက်နေ့ တနင်္လာနေ့ မှာတော့ ကန်တက်ကီ ပြည်နယ်မှာ မြန်မာ မိသားစုတွေနဲ့ တွေ့ဆုံမှာ ဖြစ်သလို အဲဒီမှာ ရှိတဲ့ Louisville တက္ကသိုလ်ကို သွားရောက်ပြီး စကားပြောကြားဖို့ ရှိပါတယ်။

စနေနေ့က နယူးယောက်မြို့ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ကချင်ပြည်နယ် စစ်ပွဲတွေနဲ့ ပတ်သက်ပြီး အစိုးရရဲ့ ကြိုးပမ်းချက်တွေကို ပံ့ပိုးပေးရမှာ ဖြစ်ပြီး၊ လိုအပ်ချက်တွေ ရှိရင်တော့ ထောက်ပြရမှာ ဖြစ်တယ်လို့ ပြောကြား သွားပါတယ်။

နောက်ပြီး လွှတ်တော်တွင်း ကိစ္စ၊ ချင်းပြည်နယ် တိုးတက်ရေးနဲ့ တခြား အဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့ မေးမြန်း လာချက်တွေကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ဖြေကြား သွားခဲ့ ပါတယ်။

နယူးယောက်မြို့ ကွင်းစ်ကောလိပ်မှာ စကားပြောနေစဉ်၊ ကောလိပ် အပြင်ဘက် မှာ ဒေါ်အောင်ဆန်းစုကြည်ကို ကန့်ကွက် ဆန္ဒပြ တာတွေ ရှိခဲ့ပါတယ်။

သူဟာ ၂၅ ရက် အင်္ဂါနေ့ မှာတော့ မြန်မာပြည်သား အများစု နေထိုင်ကြတဲ့ ဖို့ဝိန်းကို သွားရောက်ကာ အဲဒီက မြန်မာ မိသားစုတွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

မြန်မာသမ္မတ ဦးသိန်းစိန် ဟာလည်း နယူးယောက်မြို့ ကုလသမဂ္ဂ ညီလာခံကို တက်ရောက်ဖို့ ၂၄ ရက်နေ့မှာ အမေရိကန်ကို ထွက်ခွာမှာ ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဌလည်း စင်ကာပူသွား

ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းဟာ စင်ကာပူ နိုင်ငံကို ၄ ရက်ကြာ ခရီးစဉ် အဖြစ် တနင်္ဂနွေနေ့က ရောက်ရှိသွားပြီ ဖြစ်တယ် လို့ စင်ကာပူ နယူးစ် သတင်း တပုဒ်မှာ ဖေါ်ပြထား ပါတယ်။

ဒီ ခရီးစဉ်ဟာ စင်ကာပူ ပါလီမန် ဥက္ကဌ မိုက်ကယ်လ် ပါလ်မာရဲ့ ဖိတ်ကြားချက် အရ သွားရောက်တာ ဖြစ်ပြီး၊ သူနဲ့ အတူ ပြည်သူ့လွှတ်တော် အမတ် ၅ ဦးနဲ့ အရာရှိတွေ အပြင် စီးပွားရေး ကိုယ်စားလှယ်တွေလည်း လိုက်ပါ သွားပါတယ်။

သူရဦးရွှေမန်းဟာ စင်ကာပူ ပါလီမန်ဥက္ကဌ အပြင်၊ စင်ကာပူ သမ္မတ နဲ့ ဝန်ကြီးချုပ် တို့ကိုပါ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။