BBC navigation

ရခိုင်တပါတီတည်း ဖွဲ့ရေး ALD နဲ့ ဆွေးနွေးဖို့ RNDP အသင့်ရှိ

နောက်ဆုံး ရေးသားချိန် 23 စက်တင်ဘာလ 2012 - 15:31 GMT

တခြားပါတီတွေနဲ့ ညှိနှိုင်း ဆောင်ရွက်သွားဖို့ ပါတီညီလာခံ ပြီးကတည်းက RNDP က မူချမှတ်ထား

ရခိုင်ပါတီနှစ်ခု တပါတီတည်း အဖြစ် ပေါင်း စည်း ရပ်တည်ဖို့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ALD ရဲ့ ကမ်းလှမ်းလာချက်ကို ရခိုင် တိုင်းရင်း သားများ တိုးတက်ရေး ပါတီ RNDP က ဆွေးနွေးဖို့ အသင့်ပဲလို့ တုံ့ပြန်လိုက်ပါတယ်။

ရခိုင်ပါတီ နှစ်ခု ပူးပေါင်းဖို့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ RNDP ကို ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ALD က ပြီးခဲ့တဲ့ ၁၅ရက်နေ့က စာရေး ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး RNDP ပါတီအနေနဲ့ ဘယ်ရခိုင်ပါတီ၊ ဘယ်ပါတီနဲ့ပဲ ဖြစ်ဖြစ် စည်းရုံး ညှိနှိုင်း ဆောင်ရွက်သွားဖို့ ပါတီ ညီလာခံ ပြီးကတည်းက မူချမှတ်ထားတာကြောင့် ဘယ်နေရာ၊ ဘယ်အချိန်မဆို ဆွေးနွေးဖို့ အသင့် ရှိကြောင်း ပြန်လည် တုန့်ပြန်ခဲ့တယ်လို့ RNDP စစ်တွေမြို့ ပြည်နယ် လွှတ်တော်အမတ် ဦးအောင်မြကျော်က ဘီဘီစီကို ပြောပါတယ်။

ဒါပေမယ့်လည်း အခုလို ပေါင်းစည်းဖို့ ကြိုးစားတာဟာ နိုင်ငံရေး အမြတ် ထုတ်ချင်တာလား၊ ရိုးရိုးသားသား ပေါင်းစည်း လိုတာလား ဆိုတာကို အသေအချာ လေ့လာ သုံးသပ်မှာ ဖြစ်ပြီး ရိုးရိုးသားသား ဆိုရင်တော့ မပေါင်းစည်းစရာ အကြောင်းမရှိဘူးလို့ ဦးအောင်မြကျော်က ပြောပါတယ်။

ရခိုင်ပြည်နယ်တွင်းမှာ နိုင်ငံခြားသား ဘင်္ဂါလီအုပ်စုတွေနဲ့ ပဋိပက္ခတွေ ဖြစ်နေတဲ့ အခုလို အချိန်မျိုးမှာ ပါတီကြီးတခုတည်း အနေနဲ့ မီးရထား ခေါင်းတွဲလို ဦးဆောင်သွားနိုင်မယ် ဆိုရင် ရခိုင်ပြည်သူတခုလုံးအတွက် အကျိုးကျေးဇူး များနိုင်မယ်လို့ ယူဆကြောင်း ဦးအောင်မြကျော်က ဘီဘီစီကို ပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။