BBC navigation

ရခိုင်အရေး အဖြေရှာဖို့ နေပြည်တော်မှာ ဆွေးနွေး

နောက်ဆုံး ရေးသားချိန် 24 စက်တင်ဘာလ 2012 - 17:27 GMT
Sittwe violence

အကြမ်းဖက်မှုတွေ ရပ်အောင် အဖြေရှာဖို့ ဆွေးနွေး

ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ရေရှည် ဖြေရှင်းဆောင်ရွက်ဖို့ အတွက် အလုပ်ရုံဆွေးနွေးပွဲ တရပ်ကို နေပြည်တော်မှာ စနေ-တနင်္ဂနွေနေ့တုန်းက ပြုလုပ်ခဲ့ပါတယ်။

အလုပ်ရုံ ဆွေးနွေးပွဲကို ခေါင်းစဉ် လေးခုအောက်မှာ ဆွေးနွေးကြတာ ဖြစ်ပါတယ်။

ကယ်ဆယ်ရေး၊ ပြန်လည်နေရာချထားရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းတဲ့ စီးပွားရေး ဆောင်ရွက်နိုင်ရေး လုပ်ငန်းတွေကို ဘယ်လို လုပ်ကြမလဲဆိုတာ သဘောထား အယူအဆတွေကို ဖလှယ်ခဲ့ကြပါတယ်။

အစိုးရအဖွဲ့အစည်းတွေ၊ ပြည်တွင်းပြည်ပက နိုင်ငံရေးခေါင်းဆောင်တွေ၊ ကုသသမဂ္ဂ အပါအဝင် နိုင်ငံခြားအဖွဲ့အစည်းတွေ စုပေါင်း ဆွေးနွေးကြပါတယ်။ ပြဿနာ ဖြစ်နေရတဲ့ အခြေအနေ နောင်ကို ဘယ်လိုဖြေရှင်းမလဲ ဆိုတဲ့ အချက်အလက်တွေကို ပြောဆိုကြပါတယ်။

ပထမနေ့မှာတော့ ခံစားချက်တွေနဲ့ အပြန်အလှန် ပြောဆိုကြပေမယ့် ဒုတိယနေ့ဆွေးနွေးပွဲတွေ မှာတော့ အပြုသဘော ဆွေးနွေးမှုတွေ များလာတယ်လို့ ပြောကြပါတယ်။

ဒီနေ့ရာမှာ ရခိုင်ဒေသခံတွေရဲ့ ခံစားချက်ကိုလည်း ထည့်သွင်း လေ့လာဖို့ သင့်တယ်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဗဟိုကော်မတီဝင် ဒေါ်အေးနုစိန်က ထောက်ပြ ပြောကြားခဲ့ပါတယ်။

နိုင်ငံသားဖြစ်မှုကိုလည်း တည်ဆဲဥပဒေအရ တိတိကျကျ လုပ်ဆောင်ဖို့ လိုတဲ့အကြောင်း လည်း ဒေါ်အေးနုစိန်က ပြောကြားခဲ့ပါတယ်။

လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနရဲ့ မှတ်တမ်းတွေအရ ၁၉၄၈ ခုနှစ်နောက်ပိုင်းမှာ တဖက်နိုင်ငံက ခိုးဝင်လာသူတွေ မရှိတော့ဘူးလို့ ဒုတိယနေ့ ဆွေးနွေးပွဲမှာ ပြောကြားခဲ့တယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးရွှေမောင်က ပြောပါတယ်။

ဒီလို မှတ်တမ်းတွေကို လူသိရှင်ကြား ထုတ်ပြန်ဖို့လည်း လိုတယ်လို့ ဦးရွှေမောင်က ပြောပါတယ်။

ဒီအလုပ်ရုံဆွေးနွေးပွဲကြောင့် နားလည်မှုတွေ ပိုရလာပေမယ့်လည်း နောက်ထပ်ဆွေးနွေးပွဲတွေ အကြိမ်ကြိမ် လုပ်ရဦးမှာ ဖြစ်သလို အောက်ခြေအဆင့် ပြည်သူတွေကြားမှာပါ လူ့အခွင့်အရေး တရားဥပဒေစိုးမိုးရေးတွေကို အချိန်ယူ လုပ်ဆောင်ရမယ်လို့ ဆွေးနွေးပွဲ တက်သူတွေက မှတ်ယူခဲ့ကြတဲ့ အကြောင်းကို ဆွေးနွေးပွဲ တက်ရောက်သူတွေက ပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။