BBC navigation

သမ္မတ ဦးသိန်းစိန်ရဲ့ အမေရိကန် ခရီးစဉ် မှာ ဘာတွေ မျှော်လင့်နိုင် မလဲ

နောက်ဆုံး ရေးသားချိန် 24 စက်တင်ဘာလ 2012 - 16:14 GMT
Burmese President and Chinese Vice President

အမေရိကန်ကို မသွားခင် ဦးသိန်းစိန်က တရုတ် ဒုတိယ သမ္မတနဲ့ သွားတွေ့ခဲ့

မြန်မာ သမ္မတ ဦးသိန်းစိန်ဟာ ကုလ သမဂ္ဂ အထွေထွေ ညီလာခံ တက်ရောက်ဖို့ အမေရိကန် ပြည်ထောင်စုကို တနင်္လာ နေ့က ထွက်ခွာ သွားခဲ့ ပါတယ်။

ကြာသပတေးနေ့ အထွေထွေ ညီလာခံမှာ ဦးသိန်းစိန် စကားပြောဖို့ ရှိပြီး အမေရိကန် အစိုးရ အရာရှိကြီး တချို့နဲ့လည်း တွေ့ဆုံဖို့ ရှိကြောင်း သိရပါတယ်။

သမ္မတ အိုဘားမားနဲ့ တွေ့ဆုံဖို့ ရှိမရှိတော့ အတိအကျ မသိရသေး ပါဘူး။ သမ္မတနဲ့ အတူ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏ မောင်လွင်၊ သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်းတို့ လိုက်ပါ သွားကြ ပါတယ်။

သမ္မတရဲ့ ခရီးစဉ်အတွင်း အမေရိကန် က မြန်မာ အပေါ် ပိတ်ဆို့ အရေးယူ ထားမှုတွေ ထပ်မံ လျှော့ပေါ့ ပေးဖို့ ကိစ္စတွေကို ဆွေးနွေး ကြလိမ့်မယ်လို့ ယူဆရ ပါတယ်။

မြန်မာ သမ္မတ ဘက်ကတော့ ပိတ်ဆို့ မှုတွေ လျှော့ပေါ့ ပေးဖို့ တောင်းဆိုမှာ မဟုတ်ကြောင်းနဲ့ ပြုပြင် ပြောင်းလဲရေးတွေ လုပ်ဆောင် နေတာဟာ လည်းပိတ်ဆို့မှုတွေ လျှော့ပေးဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာ မဟုတ်ဘဲ မြန်မာ နိုင်ငံ အတွက် လုပ်သင့် လုပ်ထိုက်တာတွေ ကိုသာ လုပ်ဆောင် နေတာ ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။

အမေရိကန် ဘက်က ပိတ်ဆို့ အရေးယူမှုတွေ လုပ်ခဲ့တဲ့ နေရာမှာ သမ္မတ အမိန့်နဲ့ရော ပါလီမန် ဆုံးဖြတ်ချက် အဆင့်ဆင့်ပါ ချမှတ် လုပ်ဆောင်တာ ဖြစ်တဲ့ အတွက် ပြန်လည် လျှော့ပေါ ပေးတဲ့ နေရာမှာလည်း အခက် အခဲတွေ ရှိနိုင်တယ်၊ ဒါပေမဲ့ မြန်မာ ပြည်က သွင်းကုန် တင်ပို့မှု ကိုတော့ လျှော့ပေါ့ ပေးနိုင်တယ်လို့ သူက ပြောပါတယ်။

မြန်မာ အပေါ် ပိတ်ဆို့ အရေးယူမှုတွေ လျှော့ချဖို့ ထောက်ခံတယ် ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုမှုကလည်း အလွန် ထိရောက်တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

သမ္မတ အနေနဲ့ ဘာတွေ ဆောင်ရွက်သင့်သလဲ

သမ္မတ ဦးသိန်းစိန် အနေနဲ့ မြန်မာ နိုင်ငံမှာ အပြောင်း အလဲတွေ အမှန်တကယ် ဖြစ်ပေါ်နေတယ် ဆိုတာ အမေရိကန် အစိုးရ အဖွဲ့ထဲက လူတွေ နားလည် သိရှိအောင် ပြောဖို့ အပြင် မြန်မာ နိုင်ငံနဲ့ ပတ်သက်ပြီး အရေးကြီးဆုံး အချက် တစ်ခုထဲမှာ ပါဝင်တဲ့ ဒေါ်အောင်ဆန်း စုကြည်နဲ့ အစိုးရ တို့ အပြောင်း အလဲတွေကို လက်တွဲ လုပ်ဆောင် နေတယ် ဆိုတာ သိအောင် လုပ်ဖို့ အရေးကြီးဆုံး ဖြစ်တယ်လို့ အမေရိကန် အခြေစိုက် Democracy International အဖွဲ့က သုတေသန ဆိုင်ရာ ဒါရိုက်တာ ဒေါက်တာ မင်းဇော်ဦးက ပြောပါတယ်။

အမေရိကန် ဘက်ကတော့ မြန်မာ နိုင်ငံမှာ ငွေကြေး လည်ပတ်မှုတွေကို ထိထိ ရောက်ရောက် လုပ်နိုင် စေဖို့ အတွက် ငွေကြေး လွှဲပြောင်း ပေးမှုဆိုင်ရာ ပိတ်ဆို့ ထားတာ တွေကို ဖယ်ရှား ပေးရမယ်၊ ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့တို့က ပေးချင်တဲ့ အကူ အညီတွေ ကို အဟန့် အတား ဖြစ်နေတဲ့ အမေရိကန် ဥပဒေ တချို့ကို ပယ်ဖျက် ပေးဖို့ လိုအပ်တယ်၊ ဒါ့အပြင် ဒီမိုကရေစီ နိုင်ငံတွေမှာ စစ်တပ်အနေနဲ့ ဘယ်လို ဆောင်ရွက် သင့်တယ် ဆိုတာ လေ့လာ သင်ယူ နိုင်ဖို့ အမေရိကန် အနေနဲ့ မြန်မာ အစိုးရနဲ့ ဆက်စပ် ဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့ သူက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။