BBC navigation

မချမ်းဘော ဆန်ပြတ်လတ်လို့ အာဟာရချိုတဲ့ သေဆုံး

နောက်ဆုံး ရေးသားချိန် 25 စက်တင်ဘာလ 2012 - 01:42 GMT

nnnn

ကချင်ပြည် ပူတာအိုမှာ ဒီနှစ်အတွင်း ဆန်ရှားပါးပြီး ပြတ်လတ်တဲ့ အထိ ဖြစ်နေလို့ ဒေသခံပြည်သူတွေအနေနဲ့ ငှက်ပျောအူ၊ ငှက်ပျောဖူးတွေနဲ့ အစားထိုး မှီခိုနေရတဲ့အတွက် အာဟာရချိုတဲ့ပြီး လူသေဆုံးတဲ့ အထိ ဖြစ်နေပါတယ်။

ပူတာအိုမြို့နယ်၊ မချမ်းဘောမြို့နယ်တွေမှာ ဒီနှစ် အစောပိုင်းလောက်ကစပြီး ဆန်ပြတ်လတ်မှုတွေ မကြာခဏ ဖြစ်ပွားပြီး ဇူလိုင် လကုန်ပိုင်းက စပြီးတော့ အခုချိန်ထိ ဒေသခံတွေဟာ သစ်သီး သစ်ဥတွေကိုပဲ ရှာဖွေ စားသောက်ရတဲ့အထိ ဆန်ပြတ်လတ် သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီလိုဆန်ပြတ်မှုကြောင့် ဆန်ဈေးတအိတ်ကို ကျပ် ၈ သောင်းနဲ့ ၁ သိန်းကြားအထိ မြင့်တက်သွားပြီး နို့ဆီခွက်နဲ့၀ယ်စားရင် ၁ ဗူးကို ကျပ် ၅၀၀ နဲ့၀ယ်ယူစားသုံးနေကြရပါတယ်။

ဒါကလည်း ငွေကြေးရှိသူတွေအနေနဲ့ပဲ ၀ယ်ယူစားသုံးနိုင်ကြတာ ဖြစ်ပြီး တောရွာဒေသက ပြည်သူတွေအနေနဲ့ ငွေကြေး အခက်အခဲတွေ၊ လမ်းပမ်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် တောထဲက အသီးအနှံတွေ ကိုပဲ မှီခိုစားသောက်နေရတယ်၊ ဒီလိုပဲ လနဲ့ချီ လည်ပတ် စားသောက်နေရတဲ့အတွက် သက်ကြီးရွယ်အိုနဲ့ ကလေးတွေကိုပိုပြီး ထိခိုက်လာတယ် ၊ ပြီးခဲ့တဲ့ အပတ်လောက်မှာ မချမ်းဘောက ကလေးငယ် ၂ ယောက် သေဆုံး သွားတယ်လို့ ပူတာအိုမြို့က ဒေသခံတစ်ယောက်က ဘီဘီစီကို ပြောပြပါတယ်။

ဒီလို၀မ်းစာအတွက် အခက်အခဲ ရှိလို့ ကျောင်းသူ ကျောင်းသားတွေ အတွက်လည်း ပညာရေးပိုင်းမှာ ထိခိုက်လာတယ်၊ ကျောင်းထွက်ပြီး မိသားစုနဲ့အတူ အသီးအနှံ ရှာထွက်ကြရတယ်လို့ သိရပါတယ်။

ဒီလိုဆန်ရှားပါးမှု ပြဿနာကို ခါတိုင်းနှစ်တွေမှာလဲ ကြုံတွေ့ဖူးပေမယ့် လုံး၀ ပြတ်လတ်သွားတဲ့အထိ မရှိခဲ့ဘူး ၊ ဒီနှစ်မှာ ဒီလိုဆိုးဆိုးရွားရွား ပြတ်လတ်သွားရတဲ့ အကြောင်းရင်းကတော့ မြေနေရာကြောင့် ရာသီဥတုကြောင့်လို့ ဆိုပါတယ်။

အဲဒီဒေသမှာ တောင်ကုန်းတွေ ကျောက်တောင်တွေပေါများပြီး အအေးပိုင်းဒေသလဲဖြစ်တဲ့အတွက် စိုက်ပျိုးမှုက သိပ်မအောင်မြင်ဘူး အဲဒါအပြင် ဒီနှစ်မှာ မိုးသည်းထန်မှုကြောင့် စပါးခင်းတွေ ပျက်စီးသွားရတယ်။

နောက်တခြား အကြောင်းရင်းကတော့ နိုင်ငံရေး စစ်ရေးအရကြောင့် လမ်းပန်း ဆက်သွယ်ရေးလမ်းကြောင်း ပြတ်တောက်သွားပြီး ဆန်သယ်ယူမှု ပြတ်တောက်သွားတာ ဖြစ်တယ်လို့ အဲဒီမြို့ခံတယောက်က ပြောပြပါတယ်။

အခုလို ပူတာအိုမြို့တို့ မချမ်းဘောမြို့တို့ကို သွားဖို့ တခုတည်းသောလမ်း ဖြစ်တဲ့ မြစ်ကြီးနား-ဆွမ်ဘရဘွန်လမ်းကြောင်းက တံတားတွေ ပျက်စီးသွားတဲ့အပြင် အစိုးရ စစ်တပ်ဘက် ကလည်း ပိတ်ပင်လိုက်လို့ အခုဆိုရင် ပူတာအိုကို လေယာဉ်နဲ့ပဲ သွားလာကြတာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီဘက်ကဒေသခံတွေဟာ ဟင်းသီးဟင်းရွက်စိုက်ပျိုးမှုနဲ့ အသက်မွေး၀မ်းကြောင်းကြတာဖြစ်ပြီး ကုမ္ပဏီ တွေမှာနေ့စားလိုက်ပြီး ၀င်ငွေရှာကြတယ် ၊ စစ်ရေးပြဿနာ ရှိလာတဲ့ နောက်ပိုင်း ကုမ္ပဏီ တွေကလည်း မရှိတော့လို့ ၀င်ငွေအတွက် အခက်အခဲ ဖြစ်နေကြတာ ဖြစ်တယ် ၊ အခုချိန်ထိတော့ အဲဒီဘက်က ဒေသခံတွေကို သွားရောက် ကူညီပေးတဲ့ အဖွဲ့အစည်း တခုမှ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။