ရခိုင်ပဋိပက္ခ သုံးသပ်ဖို့ လူထု အစည်းအဝေးကျင်းပ

  • 25 စက်တင်ဘာ 2012
ဓာတ်ပုံ မူပိုင် AP
Image caption ရခိုင် ပဋိပက္ခအတွင်း နေအိမ်အများအပြား မီးရှို့ ဖျက်ဆီးခံခဲ့ရ

ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခ အပေါ် သုံးသပ်ဖို့နဲ့ လူထု သဘောထားကို သိရှိနိုင်ဖို့ အတွက် ၂ ရက်တာ ကြာမြင့်မယ့် ရခိုင်ဒေသ လူထု အစည်းအဝေး တစ်ခုကို ရခိုင်ပြည်နယ် ရသေ့တောင်မြို့မှာ အင်္ဂါနေ့က စတင် ကျင်းပခဲ့ပါတယ်။

ရခိုင်ဒေသ လူထု အစည်းအဝေးပွဲကို ရခိုင်ပြည်နယ် မြို့နယ် ပေါင်းစုံက လူပေါင်း ထောင်ချီ တက်ရောက် ခဲ့ပြီး မြို့နယ် အလိုက် အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်အလိုက် စာတန်းတွေ ဖတ်ကြား တင်သွင်းခဲ့ကြပါတယ်။

အဲသလို တင်ပြကြတဲ့ အထဲမှာ အဓိက အားဖြင့် ရခိုင်ပြည်နယ်မှာ နေထိုင်နေကြတဲ့ မွတ်ဆလင်တွေနဲ့ ပတ်သက်ပြီး တင်ပြတဲ့ စာတန်းတွေလည်း ပါ၀င်ပါတယ်။

လူမျိုးနှစ်မျိုး အတူ ယှဉ်တွဲ မနေထိုင်တဲ့ အတွက် သမ္မတကြီး ဦးသိန်းစိန် ပြောတဲ့ အတိုင်း တဘက်နိုင်ငံက တရားမ၀င် ခိုး၀င်လာသူတွေကို ဒုက္ခသည် စခန်းတွေမှာ ထားပြီး လက်ခံမဲ့ နိုင်ငံ တစ်ခုခုကို ပို့ပေးသွားဖို့ တောင်းဆိုသွားမယ်လို့ ဒီပွဲမှာ သဘာပတိ အဖြစ် ဆောင်ရွက်တဲ့ ဦးစံလှမောင်က ပြောပါတယ်။

အခု ပြုလုပ်နေတဲ့ ၂ ရက်ကြာ အစည်းအဝေးကနေ ထွက်ရှိလာတဲ့ ဆုံးဖြတ်ချက်တွေ ကိုတော့ နိုင်ငံတော် သမ္မတ အပါအ၀င် လွှတ်တော် ဥက္ကဌတွေ၊ ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်နဲ့ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေကို ပို့ပေးသွားမယ်လို့ လူထု အစည်းအဝေးနဲ့ ပတ်သက်ပြီး ပြောခွင့်ရ ပုဂ္ဂိုလ် ဦးကိုကိုမောင်က ပြောပါတယ်။

ဒီအစည်းအဝေးကို ရသေ့တောင်မြို့ မေယု ခန်းမမှာ ကျင်းပ ပြုလုပ်ဖို့ စီစဉ်ထားခဲ့ပေမယ့် အာဏာပိုင်တွေက ခွင့်မပြုတာကြောင့် အလိုတော်ပြည့် ကျောင်းအတွင်းမှာ ပြုလုပ်နေတယ်လို့ သိရပါတယ်။