BBC navigation

ဧရာဝတီတိုင်း ဝန်ကြီးချုပ်ကို စွပ်စွဲ ပြစ်တင်ဖို့ ပြင်နေ

နောက်ဆုံး ရေးသားချိန် 26 စက်တင်ဘာလ 2012 - 15:20 GMT
Floods victims in Pathein (August 2012)

ရေဘေးသင့်မှု အပါအဝင် ဧရာဝတီတိုင်း အတွင်း ပြည်သူတွေ အခက်အခဲ မျိုးစုံ ကြုံနေရ

ဧရာဝတီ တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တွေက သူတို့ ရဲ့ လုပ်ပိုင်ခွင့်၊ တာဝန်နဲ့ ဝတ္တရား တွေကို ထိပါး ခံလာရတယ် ဆိုပြီး တိုင်း ဝန်ကြီးချုပ် ဦးသိန်းအောင် အပေါ် စွပ်စွဲ ပြစ်တင်ဖို့ ပြင်ဆင် နေကြပါတယ်။

လာမယ့် တိုင်း ဒေသကြီး လွှတ်တော်မှာ တိုင်း ဝန်ကြီးချုပ်ကို စွပ်စွဲ ပြစ်တင်ဖို့ ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် လေးပုံ တစ်ပုံထက် မနည်းက လက်မှတ် ရေးထိုး ထားကြ ပြီးပြီလို့ ဧရာဝတီတိုင်း လွှတ်တော် ဥက္ကဌ ဦးဆန်းဆင့်က ဘီဘီစီကို ပြောပါတယ်။

လွှတ်တော် အမတ် စုစုပေါင်း ၇၀ ကျော် ရှိတဲ့ အထဲက ၂၀ ကျော်က လက်မှတ်ရေးထိုးပြီး ဖြစ်လို့ သတ်မှတ်ချက် လေးပုံ တစ်ပုံထက် ကျော်လွန် နေပြီလို့ ဆိုပါတယ်။

ပြည်သူတွေရဲ့ ဆန္ဒတွေ၊ အခက် အခဲတွေကို လွှတ်တော် အမတ်တွေက လွှတ်တော်မှာ မေးခွန်း မေးတာ အဆိုတင်သွင်း တာတွေ လုပ်ရာမှာလည်း အစိုးရပိုင်းက တချို့ကိစ္စတွေ အပေါ် ကန့်သတ် တာတွေ ရှိခဲ့တယ်လို့ သူက ပြော ပါတယ်။

ကန့်သတ် ချုပ်ချယ် ခံနေရတဲ့ ကိစ္စတွေ အများကြီး ရှိပြီး ဌာန ဆိုင်ရာ တွေနဲ့ ပတ်သက်တဲ့ မလျော်ကန်မှု တွေ၊ ငွေကြေး ကိစ္စတွေကို ပြောဆိုတဲ့ မေးခွန်းတွေ အဆိုတွေ ဆိုရင် လွှတ်တော် ထဲမှာ မမေး စေချင်ဘူးလို့ ဧရာဝတီတိုင်း လွှတ်တော် ဥက္ကဌ ဆိုပါတယ်။

ပြီးခဲ့တဲ့ လွှတ်တော် အစည်း အဝေးတွေတုန်းက လွှတ်တော် ကိုယ်စားလှယ်တွေ အပေါ် ဖိအား ပေးရာ ရောက်တာမျိုး၊ လွှတ်တော် ကိုယ်စားလှယ်တွေ အပေါ် ဌာန ဆိုင်ရာ တွေက အတင်း အကျပ် သက်သေ ထွက်ဆိုချက် ရယူတာတွေ ရှိခဲ့တဲ့ အတွက် လူဝင်မှု ကြီးကြပ်ရေး ဌာန အပေါ် လွှတ်တော် ဥပဒေ ၇၃ အရ တရားစွဲဆို ခဲ့တယ်လို့ လည်း သူက ပြောပါတယ်။

အဲဒီ ကိစ္စရပ်တွေ ကိုလည်း ထိထိ ရောက်ရောက် ဖြေရှင်း ပေးတာတွေ မရှိခဲ့တဲ့ အတွက် လွှတ်တော် ကိုယ်စားလှယ် တွေနဲ့ တိုင်း အစိုးရကြားမှာ အဆင် မပြေ တာတွေ ရှိလာ တယ် လို့ ပုသိမ်မြို့ လွှတ်တော်ရုံး မှာ စက်တင်ဘာလ ၂၄ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တဲ့ အကြောင်း ဧရာဝတီတိုင်း လွှတ်တော် ဥက္ကဌ ဦးဆန်းဆင့်က ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။