BBC navigation

သံဃာ့လှုပ်ရှားမှု နှစ်ပတ်လည် အခမ်းအနားကျင်းပ

နောက်ဆုံး ရေးသားချိန် 26 စက်တင်ဘာလ 2012 - 15:49 GMT

၂၀၀၇ခုနှစ်တုန်းက သံဃာတော်လှုပ်ရှားမှုကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက အကြမ်းဖက် နှိမ်နင်းခဲ့

၂၀၀၇ ခုနှစ်က သံဃာ့ လှုပ်ရှားမှုကို စစ်တပ်က အကြမ်းဖက် ဖြိုခွင်းခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်နေ့ကို အကြောင်းပြုပြီး ၅နှစ် ပြည့် အခမ်းအနား တစ်ရပ်ကို မန္တလေး ပြည်ကြီး တံခွန် မြို့နယ်က မြ၀တီမင်းကြီး ကျောင်းတိုက်မှာ ပြုလုပ်ခဲ့ ပါတယ်။

ဒီအောက်မေ့ဖွယ် အခမ်း အနားမှာ နိုင်ငံတဝန်းက သံဃာတော် ၂ထောင်ကျော် ကြွရောက်ခဲ့ကြပြီး အစိုးရ အပေါ် သပိတ်မှောက် ကံဆောင်ထားတာကို ဆက်လက် ထားရှိဘို့ သဘော တူခဲ့ကြပါတယ်။

နောက်နောင် ဒီလို ရွှေဝါရောင် တော်လှန်ရေးမျိုးတွေ ပေါ်ပေါက်စရာ မလိုတော့အောင် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ အခမ်းအနား ဖြစ်မြောက်ရေး ကော်မတီရဲ့ ပြန်ကြားရေး တာဝန်ခံ ဦးသောဘိတ က ဘီဘီစီကို မိန့်ကြားပါတယ်။

အစိုးရက အပြစ်ကို အပြစ်အတိုင်း ဝန်ခံရင်တော့ သံဃာတော်တွေဘက်က ကျေအေးမယ်လို့ ယူဆရကြောင်း ဦးသောဘိတက မိန့်ပါတယ်။

၂၀၀၇ ခုနှစ်တုန်းက ပြည်သူတွေရဲ့ စားဝတ်နေရေး အခက်အခဲကိစ္စနဲ့ ပတ်သက်လို့ သံဃာတော်တွေက လမ်းလျှောက် မေတ္တာပို့ ဆန္ဒထုတ်ဖေါ်ခဲ့တာအပေါ် လုံခြုံရေး တပ်ဖွဲ့ဝင်တွေက အကြမ်းဖက် နှိမ်နင်းခဲ့ကြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်အစိုးရက ပြန်လည် မတောင်းပန်တဲ့အတွက် သံဃာတော်တွေက ပတ္တနိကုဇ္ဇန ကံဆောင် သပိတ်မှောက်ခဲ့တာ ဖြစ်ပါတယ်။

အလားတူ သံဃာ့ လှုပ်ရှားမှု ၅နှစ်ပြည့် အထိမ်းအမှတ် ဆန္ဒပြပွဲ ကို နယူး ဒေလီရောက် သံဃာတော် တွေနဲ့ ဒီမိုကရေစီ အင်အားစုတွေ ကလည်း ပြုလုပ်ခဲ့တယ်လို့ သိရ ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။