BBC navigation

အမေရိကန်အရေးယူမှု လျှော့တာ မြန်မာအတွက်ကောင်း

နောက်ဆုံး ရေးသားချိန် 27 စက်တင်ဘာလ 2012 - 17:17 GMT
u thein sein clinton

သမ္မတ ဦးသိန်းစိန်နဲ့ နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန် တွေ့ဆုံခဲ့စဉ်

အမေရိကန် ပြည်ထောင်စုကို မြန်မာ နိုင်ငံက ပို့ကုန်တွေ တင်သွင်းမှု ပိတ်ပင် ထားတာကို ရုပ်သိမ်း ပေးမယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က သမ္မတ ဦးသိန်းစိန်နဲ့ နယူးယောက် မြို့မှာ တွေ့ဆုံစဉ် အတွင်း ပြောကြားခဲ့ ပါတယ်။

ဒီလို ပိတ်ဆို့မှု ရုပ်သိမ်း လိုက်တဲ့အတွက် မြန်မာနိုင်ငံ အတွက်ဘယ်လို အကျိုးရှိနိုင်မလဲ။

မြန်မာနိုင်ငံ ကုန်သည်နဲ့စက်မှု လုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးဝင်းအောင်ကို ဘီဘီစီက ဆက်သွယ် မေးကြည့်တော့ အမေရိကန် ဈေးကွက်က ကြီးမား ကျယ်ပြန့်တဲ့ အကြောင်း၊ မြန်မာ့ အထည်ချုပ် လုပ်ငန်း တွေက အဝတ် အထည် တွေနဲ့ စားသောက်ကုန် တွေအတွက် ကြီးမားတဲ့ အမေရိကန် ဈေးကွက်ကို တင်ပို့နိုင်ရင် တိုင်းပြည်အတွက် အကျိုးရှိလာ စေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ငွေကြေး လွှဲပြောင်းမှု တွေကို ပိတ်ပင် ထားတာ တွေရှိနေသေး ပေမယ့်လည်း ကုန်သွယ်မှု တွေလုပ်လာရင် ဒါတွေလည်း လိုအပ်လာမှာ ဖြစ်လို့ တပြေးညီ အဆင်ပြေ သွားစေနိုင်မှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

အမေရိကန် ဘက်က သမ္မတ ဦးသိန်းစိန် အမေရိကန် မှာ ရောက်နေစဉ် အချိန်ကိုက်ပြီး ပိတ်ဆို့ အရေးယူ မှုတွေကို လျှော့ပေါ့ ပေးလိုက်တာကြောင့် မြန်မာနိုင်ငံ ဘက်ကလည်း ဘာတွေ လုပ်ပြဖို့ လိုဦးမလဲ ဆိုတဲ့ အမေးကိုတော့ မြန်မာ နိုင်ငံမှာ ဖော်ဆောင် နေကြတဲ့ ပြုပြင် ပြောင်းလဲ မှုတွေကို တချို့ အနောက် နိုင်ငံ တွေကဆိုရင် သူတို့ မျှော်လင့် ထားထက်တာထက် ပိုပြီး လုပ်ပြ နိုင်တယ်လို့ အသိအမှတ် ပြုနေကြပြီ ဖြစ်ကြောင်း ပြောပါတယ်။

ပြုပြင် ပြောင်းလဲမှု တိုင်းမှာ နိုင်ငံ အကြီးအကဲ တွေကအစ အဖွဲ့အစည်းတွေ အားလုံး တိုင်တိုင်ပင်ပင် လုပ်သွား နိုင်ကြရင် ကောင်းတဲ့ ဘက်ကို ဦးတည် သွားမယ်လို့ ယုံကြည်တဲ့ အကြောင်း ကိုလည်း ပြောကြား သွားပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။