BBC navigation

ကျုံပျော် အင်းလေလံ ရန်ပွဲ ရဲ ပစ်ခတ်

နောက်ဆုံး ရေးသားချိန် 28 စက်တင်ဘာလ 2012 - 01:38 GMT
fish

အင်းလေလံ ရသူနဲ့ ဒေသခံ တွေကြား အချင်းများ

ဧရာ၀တီတိုင်း ပုသိမ်ခရိုင် ကျုံပျော်မြို့နယ် ရှားခဲကြီး ရွာမှာ အင်းလေလံ ရထားသူနဲ့ ဒေသခံ တွေကြား အချင်းများ ကြရာက ရဲက ပစ်လို့ လူ ၁ ယောက် သေပြီး ၃ ယောက် ဒဏ်ရာ အပြင်းအထန် ရသွားတယ်လို့ သိရပါတယ်။

ရှားခဲကြီးအင်းကို လေလံရထားတဲ့ အင်းပိုင်နဲ့ အဖွဲ့က ဒေသခံ ရွာသား တယောက်ကို ဆည်ဝ ဖျက်ဆီးလို့ ဆိုပြီး အုပ်ချုပ်ရေးမှူး ရုံးမှာ ရိုက်နှက်စစ်ဆေးရာက လူသေမှု ဖြစ်သွားခဲ့ပါတယ်။

ဒါကို မကျေနပ်တဲ့ ဒေသခံရွာသားတွေက အုပ်ချုပ်ရေးမှူး ရုံးကို ဒီကိစ္စဖြေရှင်းပေးဖို့ ဝိုင်းဝန်း တောင်းဆိုရာက အချင်းများပြီး နယ်မြေခံ အထောင် ရဲစခန်းက သေနတ်နဲ့ ပစ်ခတ် ဖြိုခွင်းခဲ့လို့ လူ ၁ယောက် သေပြီး ၃ယောက် ဒဏ်ရာရ သွားတယ် လို့ ရှားခဲကြီး ရွာသားတယောက်က ပြောပါတယ်။

အထောင် ရဲစခန်းကို ဘီဘီစီက ဆက်သွယ်ကြည့်တော့ ရဲစခန်းက အသေးစိတ် မသိရသေးဘူး ပြောပါတယ်။

ဒဏ်ရာရရှိသူ တွေကိုတော့ အထောင် တိုက်နယ် ဆေးရုံက တဆင့် ကျုံပျော်မြို့နယ် ဆေးရုံ ပို့ထားတယ်လို့ ဒေသခံက ပြောပါတယ်။

ခုပြဿနာဖြစ်တဲ့ ရှားခဲအင်းကို လေလံပစ်တဲ့ မေလတုန်း ကလည်း ဒေသခံ အင်းသူ အင်းသားတွေကို လေလံပစ်မယ့် အချိန်မှ ကပ်ပြီး အသိပေးလို့ ဒေသခံ ရေလုပ်သား ၁၅ဝ လောက်က ပြင်ဆင်ချိန်မရလို့ ဆိုပြီး ဆန္ဒပြ ခဲ့ပါသေးတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။