BBC navigation

သမ္မတ ဦးသိန်းစိန် ကုလသမဂ္ဂမှာ မိန့်ခွန်းပြော

နောက်ဆုံး ရေးသားချိန် 27 စက်တင်ဘာလ 2012 - 15:43 GMT

၆၇ ကြိမ်မြောက် ကုလသမဂ္ဂ ညီလာခံကို တက်ရောက်နေတဲ့ သမ္မတ ဦးသိန်းစိန်ဟာ ရာစုနှစ် တဝက် နီးပါး အတွင်း ပထမဆုံး မြန်မာ သမ္မတ အနေနဲ့ မိန့်ခွန်း ပြောကြား ခဲ့ပါတယ်။

သမ္မတက မြန်မာ့ နိုင်ငံရေး အပြောင်း အလဲတွေမှာ အခွင့်အလမ်းနဲ့ စိန်ခေါ်မှုတွေ ရှိနေပေမယ့်၊ အခုလို အချိန်မှာ သမ္မတ အဖြစ် တာဝန် ထမ်းဆောင် နေရတာကို ဂုဏ်ယူပါတယ်လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လွှတ်တော်တွင်း ဝင်ရောက်လို့ လွှတ်တော် အမတ် ဖြစ်နေကြောင်းနဲ့၊ ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်မှာ ဂုဏ်ပြု ကြတာတွေကို သူ့အနေနဲ့ ဂုဏ်ယူ ပါကြောင်း ပြောပါတယ်။

ပြည်ပနေ မြန်မာတွေကို ဂုဏ်သိက္ခာ ရှိစွာ ပြန်ခွင့် ပြုနေခြင်း၊ အင်တာနက်ကို လွတ်လပ်စွာ အသုံးပြုခွင့် ပေးခြင်း၊ သတင်းစာ လွတ်လပ်ခွင့် ပေးခြင်း အပြင် မတူတဲ့ သဘောထား ရှိတဲ့ လူတွေ နိုင်ငံရေးမှာ ပါဝင်ခွင့် ပေးခြင်း၊ အကျဉ်းသား တွေကို လွှတ်ပေးခြင်း စတာတွေကိုလည်း လုပ်ဆောင် ပေးခဲ့ပါတယ်လို့ သမ္မတက ပြောပါတယ်။

သမ္မတရဲ့ မိန့်ခွန်းကို မြန်မာနိုင်ငံတွင်းမှာ ရှိတဲ့ အစိုးရ ရုပ်သံလိုင်း အပါအဝင် ပုဂ္ဂလိက ရုပ်သံတွေ အပြင် FM ရေဒီယိုတွေ နဲ့ သမ္မတရုံး အင်တာနက် ဝက်ဘ်ဆိုဒ် ကနေလည်း တိုက်ရိုက် ထုတ်လွှင့် သွားခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့ ကလည်း သမ္မတ ဦးသိန်းစိန်ဟာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်နဲ့ တွေ့ဆုံ ခဲ့ရာမှာ မစ္စစ် ကလင်တန်က မြန်မာ နိုင်ငံ ပြုပြင် ပြောင်းလဲရေး တိုးတက်မှု တွေကို အသိအမှတ် ပြုပြီး မြန်မာ အစိုးရနဲ့ အတိုက်အခံ တွေ တောင်းဆိုမှုကို တုံ့ပြန်တဲ့ အနေနဲ့ မြန်မာ နိုင်ငံ အပေါ် ကုန်စည် တင်သွင်းမှု တားမြစ် တာတွေ လျှော့ပေးရေး ဆောင်ရွက် သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။