BBC navigation

ရွေးကောက်ပွဲ ကော်မရှင်နဲ့ ပါတီတွေ တွေ့ဆုံ

နောက်ဆုံး ရေးသားချိန် 27 စက်တင်ဘာလ 2012 - 16:13 GMT

လွှတ်တော် တခုချင်းစီ အတွက် တရက်စီ မဲပေးပွဲတွေ ကျင်းပဖို့ စီစဉ်နေ

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးဟာ ရန်ကုန်မှာ ရှိတဲ့ နိုင်ငံရေး ပါတီတွေနဲ့ ရန်ကုန်တိုင်း အစိုးရရုံးမှာ ဗုဒ္ဓဟူးနေ့က တွေ့ဆုံ ခဲ့ပါတယ်။

လာမယ့် ရွေးကောက်ပွဲမှာ လွှတ်တော် တခုချင်း အလိုက် သီးခြားစီ ရွေးကောက်ပွဲ လုပ်ဖို့ စဉ်းစား နေတဲ့ အကြောင်း ကော်မရှင် ဥက္ကဌ ဦးတင်အေးက ပါတီတွေကို အသိပေး ပြောကြားခဲ့ ပါတယ်။

မဲဆန္ဒရှင်တွေအနေနဲ့ လွှတ်တော် သုံးခုအတွက် တကြိမ်တည်း မဲထည့်ရတာဟာ ရှုပ်ထွေးမှုတွေ ဖြစ်စေနိုင်ကြောင်း၊ အထူးသဖြင့် ကျေးလက်ဒေသတွေမှာ အခုလို မဲပေးခြင်းဟာ ပြဿနာ ရှိကြောင်း ဦးတင်အေးက ပြောကြားသွားတယ်လို့ ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ ဒီငြိမ်းပါတီက ဦးမျိုးညွှန့်က ဘီဘီစီကို ပြောပြပါတယ်။

ဒါကြောင့်မို့ လွှတ်တော် တခုချင်းစီ အတွက် တရက်စီ မဲပေးပွဲတွေ ကျင်းပဖို့ စဉ်းစား စီစဉ်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပါတီ တချို့က တင်ပြနေတဲ့ မဲပေးသူ အရေအတွက် အပေါ် မူတည်ပြီး ရာခိုင်နှုန်း အလိုက် လွှတ်တော် အမတ် အရေ အတွက်ကို သတ်မှတ်တဲ့ ရွေးကောက်တင်မြောက်ရေး စနစ်နဲ့ အချိုးကျ စနစ် ရော၊ တစ်ဦးချင်း တိုက်ရိုက် ရွေးချယ်တဲ့ စနစ်ကိုပါ ပူးတွဲကျင့်သုံးဖို့ ဆိုတာကိုတော့ သူအနေ့နဲ့ ဆုံးဖြတ်ခွင့် မရှိတာကြောင့် လွှတ်တော်ကို တင်ပြပေးမှာ ဖြစ်တယ်လို့ ဦးတင်အေးက ပြောပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေ တုန်းက အားနည်းချက် အားသာချက်တွေကို ပြန်လည် သုံးသပ်ပြီး လုပ်ဆောင်သွားဖို့ကို ကော်မရှင်က တင်ပြခဲ့သလို၊ ပါတီတွေ ကလည်း ကြိုတင်မဲနဲ့ မဲပေးပိုင်ခွင့် ရှိသူ စာရင်းတွေကို ကြိုတင် ထုတ်ပြန်ပေးထားဖို့ ကိုလည်း တင်ပြခဲ့ကြပါတယ်။

လာမယ့် ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေရမယ်လို့လည်း ကော်မရှင်ဥက္ကဌ ဦးတင်အေး က ဆွေးနွေးပွဲမှာ ကတိပေး ပြောကြား သွားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။