BBC navigation

အခြေခံဥပဒေ ပြင်ဆင်နိုင်မှ ခေါင်းဆောင်ပြောင်းနိုင်

နောက်ဆုံး ရေးသားချိန် 1 အောက်တိုဘာလ 2012 - 00:46 GMT
utheinsein_

သမ္မတဦးသိန်းစိန်

သမ္မတဦးသိန်းစိန်က ပြည်သူက လိုလားလို့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာရင် သူ့အနေနဲ့ လက်ခံနိုင်ကြောင်း ဘီဘီစီ အင်္ဂလိပ်ပိုင်းက တွေ့ဆုံမေးမြန်းရာမှာ ဖြေကြား ခဲ့ပါတယ်။ တဖက်မှာလည်း နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို ပြင်ဆင်မှ သာ၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာ နိုင်မှာပါ။

သမ္မတဦးသိန်းစိန်က အခြေခံ ဥပဒေကို ပြင်ဆင်ရေး လည်း ညှိနှိုင်းပြီး ပြင်ဆင်နိုင်ကြောင်း ပြောခဲ့ဖူးလို့ သူ့အနေနဲ့ ကြိုတင် တွက်ဆ ပြောလေသလား လို့ ထင်မြင်မိပုံ ကို NLD အတွင်းရေးမှူး အဖွဲ့ဝင် လည်းဖြစ်၊ လွှတ်တော် ကိုယ်စားလှယ် လည်း ဖြစ်တဲ့ ဦးအုံးကြိုင်က ဘီဘီစီ ကို ပြောပါတယ်။

NLD ဘက်က အခြေခံ ဥပဒေကို ပြင်ဆင်ရေး အပိုင်းမှာ ပြုပြင်စရာ ၁၂ ချက်ရှိကြောင်း ပြောခဲ့ပြီးဖြစ်ကြောင်း၊ ပြဌာန်းချက် တခု ကို ပြင်ရင် ဆန္ဒမဲ ခွဲရာမှာလည်း ပြည်သူ့လွှတ်တော် ရော၊ အမျိုးသား လွှတ်တော် က ကိုယ်စားလှယ်များရဲ့ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်း ကျော်မှ ဆိုတော့၊ လွှတ်တော် နှစ်ရပ် ပေါင်းရင်တောင် ၇၅ ရာခိုင်နှုန်းပဲ ရှိနိုင်ကြောင်း၊ တပ်မတော် က ၂၅ ရာခိုင်နှုန်း ယူထားတဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က မြန်မာပြည် ရဲ့ ဒီမိုကရေစီ ဟာ တပ်မတော်မှာ မူတည်နေတယ် လို့ ပြောဖူးပုံ ကို ဦးအုံးကြိုင်က ဘီဘီစီ ကို ပြောပါတယ်။

ဒါပေမယ့် လွန်ခဲ့တဲ့ သုံးလ ခန့် က မြန်မာဗိုလ်ချုပ်ကြီး တယောက်က လွှတ်တော်တွင်း အဆိုပြုချက်၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို ပြင်ဆင်မှု စတဲ့ အပိုင်းတွေမှာ တပ်မတော် က ၂၅ ရာခိုင်နှုန်း ပါရမယ် ဆိုတဲ့ အချက်တွေဟာ လျော်ကန်သင့်မြတ်တဲ့ အချိန်မှာ ပြန်သုံးသပ် ဖို့ အဆင်သင့် ရှိပုံ ပြောခဲ့ဘူးကြောင်း ဦးအုံးကြိုင်က ဆိုပါတယ်။

အင်ဒိုနီးရှား နိုင်ငံမှာလို ဒီမိုကရေစီ အရှိန်ရလာရင် တပ်မတော် နဲ့ ပြည်သူ အကြား၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တွေ အကြားမှာ နားလည်မှု၊ ယုံကြည်မှု တည်ဆောက်နိုင်ရင် အချိုးအစားတွေ ပါ ပြောင်းလဲ လာနိုင်တဲ့ အကြောင်း တွက်ဆ ရနိုင်ပုံ ကို ဦးအုံးကြိုင်က ဘီဘီစီ ကို ပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။