BBC navigation

ကေအန်ယူ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး နဲ့ သုံးဦးကို ရာထူးက ဖယ်

နောက်ဆုံး ရေးသားချိန် 4 အောက်တိုဘာလ 2012 - 16:01 GMT

ကေအန်ယူစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေဖိုး

ကရင်ပြည်နယ် ဘားအံမြို့မှာ ဗဟို ဆက်ဆံရေးရုံး သွားရောက် ဖွင့်လှစ်တဲ့ ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့ရဲ့ လက်နက်ကိုင် တပ်ဖွဲ့ဖြစ်တဲ့ KNLA စစ်ဦးစီးချုပ်နဲ့ တရားရေးဌာနအကြီးအကဲ အပါအဝင် ဗဟိုကော်မီတီဝင်သုံးဦးကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ဦးဆောင်တဲ့ အဖွဲ့ ဘားအံမြို့မှာ ဗဟို ဆက်ဆံရေး ရုံးဖွင့်ဖို့ ထွက်ခွာ သွားတာဟာ KNU ဗဟိုရဲ့ ဆုံးဖြတ်ချက် မပါဘဲ သွားရောက် တာ ဖြစ်တယ်ဆိုတဲ့ ကြေညာချက်ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း အခုလို ရာထူး ဖယ်ရှားလိုက်တာ ဖြစ်ပါတယ်။

အဲဒီ ကေအန်ယူ ဗဟိုကော်မီတီရဲ့ အမိန့်စာ မှာဖော်ပြချက်အရ၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ တရားရေး ဌာနတာဝန်ခံ ဖဒိုစောဒေးဗစ်ထောနဲ့ ကျန်းမာရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးရောဂျာခင်တို့ကို အမိန့်မနာခံမှု၊ အဖွဲ့အစည်းအတွင်း သွေးကွဲအောင် ဆောင်ရွက်မှု၊ ပူးပေါင်း ဆောင်ရွက်ခြင်းမရှိမှု စတဲ့စွပ်စွဲချက်တွေနဲ့ ဖယ်ရှားလိုက်တာ ဖြစ်ပါတယ်။

အခုဖယ်ရှားလိုက်တယ်ဆိုတဲ့ ခေါင်းဆောင်သုံးဦးရဲ့နောက်မှာ ကေအန်ယူလက်နက်ကိုင်တပ်ဖွဲ့ အများစုက ရှိနေတာမို့ ဒီအဖြစ်အပျက်ကြောင့် ကေအန်ယူအဖွဲ့ ထပ်ပြီး ကွဲသွားနိုင်တယ်လို့မဲဆောက်မှာရှိတဲ့ ဘီဘီစီသတင်းထောက် ကသုံးသပ်ပါတယ်။

အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးရာမှာ အကျိုးဆောင်ပေးနေသူတဦးကလည်း ဒီအဖြစ်အပျက်ကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေအပေါ် ထိခိုက်မှာကိုစိုးရိမ်တယ်လို့ ဘီဘီစီကိုပြောပါတယ်။

ဥရောပရောက် ကရင်ကွန်ယက်ကတော့ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ အစိုးရနဲ့ ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးမှုအပေါ် ကူညီတောက်ပံ့နေတဲ့ အဖွဲ့တွေကနေ သွေးခွဲတယ်လို့ သံသယရှိကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။