လမ်းကြောင်းက ဆုတ်ပေးဖို့ SSPP/SSA ကိုအကြောင်းကြား

  • 6 အောက်တိုဘာ 2012
Image caption SSPP/SSA တပ်စခန်းက စစ်ရေး လေ့ကျင့်မှု

ရှမ်းပြည်တပ်မတော် SSA မြောက်ပိုင်းလို့ သိကြတဲ့ SSPP/SSA အတွက် စီးပွားရေးအရ အဓိက အားထားရတဲ့ လမ်းကြောင်းဖြစ်တဲ့ မိုင်းရှူးမြို့နယ် တာဆမ်ပူး ကူးတို့ဆိပ်က သူတို့ရဲ့ တပ်စခန်းကို အောက်တိုဘာလ ၅ ရက်နေ့ နောက်ဆုံးထားပြီး ဆုတ်ပေးဖို့ အတွက် ရှမ်းပြည်နယ် အစိုးရ နယ်စပ်ရေးရာနှင့် လုံခြုံရေး ဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ က ရှမ်းပြည် တိုးတက်ရေးပါတီ ငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးကြီး နော်လိတ် ဆီကို ဖုန်းနဲ့ကော စာနဲ့ပါ တရားဝင် အကြောင်းကြား ထားတယ်လို့ သိရပါတယ်။

ဒီတပ်စခန်းကို ပြီးခဲ့တဲ့ သြဂုတ်လမှာလဲ တခါ ရွေ့ပေးဖို့ အစိုးရက တောင်းဆိုထားတာ ဖြစ်ပါတယ်။

အက်စ်အက်စ်အေက သူတို့အဓိက လမ်းကြောင်းဖြစ်တဲ့အတွက် ဆုတ်မပေးခဲ့ဘဲ အခုတခါ ဒုတိယအကြိမ်မြောက် ထပ်မံ ရွေ့ခိုင်းခြင်း ဖြစ်ပါတယ်။

အဲဒီ နေရာဟာ အက်စ်အက်စ်အေ တပ်မဟာ ခုနှစ်နဲ့ တပ်မဟာ တစ် ၊ ဗဟို ဌာနချုပ် လမ်းပေါ်မှာ ရှိနေတာ ဖြစ်တယ်လို့ ဗိုလ်မှူး စိုင်းလက ပြောပါတယ်။

ဒါ့အပြင် အစိုးရဖက်က အပစ် ရပ်ဖို့ သဘောတူချက် ဖြစ်မလာဘဲ နဂိုရှိတာထက် စစ်အင်အားတွေသာ ပိုဖြည့်လို့ နှစ်ဖက် ပိတ်ထားသလိုတောင် ဖြစ်နေတယ်လို့ သူက ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ဗိုလ်မှူးကြီး အောင်သူကို ဆက်သွယ် မေးမြန်းရာမှာ သူတို့ဖက်က လောလောဆယ် ဘာမှ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။

ခုလို သတ်မှတ်ထားတဲ့ ရက်မှာ အက်စ်အက်စ်ပီပီ အက်စ်အက်စ်အေ ဖက်က ဆုတ်မပေးခဲ့ရင် နှစ်ဖက် ဆက်ဆံရေး ပိုတင်းမာလာမလား ၊ဘယ်လို ရှိသွားမလဲ ဆိုတာ လောလောဆယ် မသိရသေးဘူး ၊ စစ်တပ် အနေအထား ပေါ်မှာသာ မူတည်တယ် လို့ အက်စ်အက်စ်ပီပီ အက်စ်အက်စ်အေက ပြောပါတယ်။