BBC navigation

ကြေးနီစီမံကိန်းဆန္ဒပြမှု သမ္မတပြောကြားချက် ကွဲလွဲနေလို့ လှုပ်ရှားသူပြော

နောက်ဆုံး ရေးသားချိန် 6 အောက်တိုဘာလ 2012 - 16:32 GMT

လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း အဝေးက မြင်ရပုံ

မုံရွာခရိုင် လက်ပံတန်းတောင် ကြေးနီသတ္တုတွင်းစီမံကိန်းကြောင့် မြေယာသိမ်းခံခဲ့မှု၊ ပတ်ဝန်းကျင် ထိခိုက်ရမှုတွေနဲ့ ပတ်သက်တဲ့ ဆန္ဓပြမှုတွေအတွင်း စက်တင်ဘာလ ၅ ရက်နေ့က ပုသိမ် မုံရွာ ကားလမ်းမကြီးပေါ် မှာ ဦးပိုင်၊ မြန်မာဝမ်ပို၊ ပုဒ်မ ၁၄၄ လို့ ရေးသားထားတဲ့ အခေါင်း ၃ လုံးကို မီးရှို့ ဆန္ဒပြခဲ့ရာမှာ ပါဝင်ပတ်သက်သူလို့ ယူဆတဲ့ ဒေသခံတွေ ၊ ပြည်သူ့အကျိုးဆောင် ကွန်ယက်တွေက ပုဂ္ဂိုလ်တွေအပါအဝင် လူ ၁၆ ဦးကို စီမံကိန်းတာဝန်ရှိသူတဦးက ဆားလင်းကြီးရဲစခန်းမှာ ပုဒ်မ ၃ ခုနဲ့ အမှုဖွင့်ထားတယ်ဆိုတဲ့ သတင်းထွက်ပေါ်နေတာကြောင့် ဒီလို အမှုဖွင့်ခဲ့တာကို ရှုတ်ချကြောင်း ဒီကနေ့မှာ မုံရွာဒေသခံတွေရဲ့ ဆန္ဒပြပွဲမှာ ထုတ်ဖေါ်ခဲ့ကြပါတယ်။

ညောင်ပင်ကြီးကနေ ဆားလင်းကြီးကို သွားတဲ့ ကားလမ်း တုံရွာအနီး လမ်းတဘက်တချက်မှာ မြေယာသိမ်းခံ ရွာသား ၃၀၀ ခန့်က တရားစွဲဆိုတယ်ဆိုတာကို ရှုတ်ချကြောင်း ပိုစတာကိုင်စွဲ ဆန္ဒပြ ခဲ့ကြတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ကြေးနီစီမံကိန်းတာဝန်ရှိသူတဦးကို မနေ့က ဘီဘီစီက ဆက်သွယ်မေးရာမှာ First Information Report သတင်းအချက်အလက် အစီရင်ခံစာပေးပို့တဲ့ အဆင့်ဘဲ ဖြစ်ကြောင်း။ရဲက ဒါကို စုံစမ်းစစ်ဆေးပြီး တရားစွဲဆိုသင့်တယ်ဆိုမှ တရားစွဲမှာ ဖြစ်ကြောင်း ပြောပါတယ်။

ပါဝင်ပတ်သက်သူဆိုတဲ့ လူ ၁၆ ဦးထဲက တဦးဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားမိသားစု အကျိုးဆောင်ကွန်ယက်က ကိုဟန်ဝင်းအောင်ကို ဆက်သွယ်ပြီးမေးမြန်းရာမှာလည်း သူတို့ကိုတော့ ဘာမှ တရားဝင် အကြောင်းကြားတာမရှိဘူးလို့ ဆိုပါတယ်။

အခုလို မုံရွာ လက်ပံတောင်းတောင် ကြေနီ သတ္တုတွင်းစီမံကိန်းနဲ့ စပ်လျဉ်းပြီး လက်ရှိဖြစ်နေတဲ့ ဆန္ဒပြမှုတွေနဲ့ ပတ်သက်လို့ သမ္မတ ဦးသိန်စိန်ကအမေရိကန်ခရီစဉ်အတွင်းပြောကြားခဲ့တာတွေဟာ အားနည်းမှုတွေရှိတယ်လို့ ကိုဟန်ဝင်းအောင်က ပြောပါတယ်။

အရင် အစိုးရလက်ထက်က လျော်ကြေး ပေးခဲ့တယ်လို့ ဆိုရာမှာ မြေယာလျော်ကြေးမဟုတ်ဘဲ ၃ နှစ်စာ သီးနှံပျက်စီးမှုအတွက် လျော်ကြေးသာဖြစ်လို့ သမ္မတရဲ့ ပြောဆိုချက်ဟာ ကွဲလွဲနေပြီး ရှင်းရှင်းလင်းလင်း မရှိဘူးလို့ သူကပြောပါတယ်။

မြေသိမ်းခံရတဲ့ ရွာ ၂၆ ရွာမှာ ရွေ့ပြောင်းခံရတဲ့ ရွာ ၄ ရွာအနက် တရွာဘဲ ရွေ့ပြောင်းခဲ့တာကြောင့် မကျေနပ်တဲ့ အနည်းစု ရွာလေး ၃ ရွာကြောင့် ပြသနာ ဖြစ်နေရတဲ့သဘောပြောသွားတာဟာလည်း လွဲနေတဲ့အချက်လို့ ဆိုပါတယ်။

သမ္မတကြီးက မရွေ့ပြောင်းချင်သူတွေကို ဧရိယာ သတ်မှတ်ပေးဖို့ သူ့ခရီးစဉ်မတိုင် ပြောကြားခဲ့တယ်ဆိုပေမယ့် တကယ့် လက်တွေ့မှာ ဦးပိုင်ကသြဂုတ်လ ၂၀ ၇က်နေ့နေ့စွဲနဲ့ စီမံကိန်းကို ဆက်လုပ်မယ်၊ ကျန်နေတဲ့ ၃ ရွာကို မဖြစ်မနေ ရွေ့ပြောင်းသွားမယ်လို့ တရားဝင် ကြေညာထားခဲ့သလို ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှုးကလည်း၊ စက်တင်ဘာ ၁ ရက်နေ့ကနေ အောက်တိုဘာ ၃၀ ရက်နေ့ အတွင်း ရွာတွေကို ရွေ့ပြောင်းဖို့ သတ်မှတ်ထားပြီး ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့တာကြောင့် အထက်နဲ့ အောက် ကွဲလွဲနေတယ်လို့ ပြောပါတယ်။

အခုဖြစ်ရပ်တွေမှာ ပယောဂ ပါတယ် ဆိုတာနဲ့ပတ်သက်လို့လည်း ကုမ္ပဏီရဲ့ လုပ်ဆောင်ချက်တွေကြောင့် အစကတည်းကဖြစ်နေပြီးသား ထိခိုက်မှုတွေကို ပိုဆိုးဆိုးရွားရွား မဖြစ်အောင် နောက်ပိုင်းကျမှသာ ဝိုင်းဝန်းကူညီပံ့ပိုးကြတာလို့ ကိုဟန်ဝင်းအောင်က ပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။