BBC navigation

ပွင့်လင်းမြင်သာတဲ့ ရင်းနှီးမြှပ်နှံမှုတွေ မဖြစ်မှာ စိုးရိမ်

နောက်ဆုံး ရေးသားချိန် 6 အောက်တိုဘာလ 2012 - 00:44 GMT
Oil Well

နိုင်ငံတကာ ကုမ္ပဏီတွေက မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံဖို့ ပြင်ဆင်နေ

မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံချင်တဲ့ အမေရိကန် ကုမ္ပဏီတွေအတွက် လူ့အခွင့်အရေးကိုလိုက်နာတဲ့ တာဝန်သိသိ ရင်းနှီးမြှပ်နှံမှုတွေ လုပ်ဆောင်နိုင်အောင် အမေရိကန် အစိုးရအနေနဲ့ ရင်းနှီးမြှပ်နှံမှုဆိုင်ရာ ပိုမိုတိကျတဲ့ စံနှုန်းသတ်မှတ်ချက်တွေ ထားသင့်တယ်လို့ အမေရိကန် အခြေစိုက် လူအခွင့်အရေးဆိုင်ရာ အဖွဲ့အစည်း ၅ ခုက အစီရင်ခံစာ ထုတ်ပြန်ပြီး ထောက်ပြ ပြောဆို လိုက်ပါတယ်။

အဲဒီအဖွဲ့တွေထဲမှာ EarthRights International, Freedom House, Physicians for Human Rights, US Campaign for Burma နဲ့ United to End Genocide အဖွဲ့တွေ ပါဝင်ပါတယ်။

မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံချင်တဲ့ အမေရိကန် ကုမ္ပဏီ တိုင်းဟာ သူတို့ရင်းနှီးမြှပ်နှံမှုနဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေး ဌာနာကို တင်ပြမှုတွေ လုပ်ဆောင်ရပါတယ်။

ဒါပေမယ့် အမေရိကန် အစိုးရရဲ့ ချမှတ်ထားတဲ့ အဲဒီတင်ပြရမယ့် စည်းကမ်း သတ်မှတ်ချက်တွေမှာ အားနည်းချက်တွေရှိနေတယ်လို့ ဒီအဖွဲ့တွေက ထောက်ပြခဲ့ပါတယ်။

ကုမ္ပဏီတွေက ရင်းနှီးမြှပ်နှံမှုတွေနဲ့ပတ်သက်ပြီး အစိုးရထံ လုံလုံလောက် လောက်မတင်ပြတာ၊ ဒါမှမဟုတ် လုံးဝ ထုတ်ဖော် ကြေငြာတာတွေ မလုပ်ခဲ့ရင် ဘယ်လို ပြစ်ဒါဏ် တွေ ရင်ဆိုင် သွားရမယ် ဆိုတာမျိုး တွေကို သေသေချာချာ သတ်မှတ်ချက် ထားစေချင်တယ်လို့ United to End Genocide အဖွဲ့ရဲ့ သုတေသနဌာနက Eryn Schornick က ပြောပါတယ်။

နောက်တချက်က ကုမ္ပဏီတွေက ရင်းနှီးမြှပ်နှံမှုတွေနဲ့ပတ်သက်ပြီး အစိုးရထံတင်ပြတဲ့အခါမှာ လူထုကို မသိပေးစရာမလိုပဲ လျှို့ဝှက်တင်ပြနိုင်တယ်ဆိုတဲ့ အချက်ကလည်း လောလောဆယ် စည်းကမ်းချက်တွေထဲမှာ ပါဝင်နေပါတယ်။ ဒါဟာ ရင်းနှီးမြှပ်နှံမှုတွေဟာ တာဝန်သိတဲ့ ရင်းနှီးမြှုပ်နှံမှု၊ ပွင့်လင်းမြင်သာမှုရှိတဲ့ ရင်းနှီးမြှပ်နှံမှု ဖြစ်လာဖို့ကို အတားအဆီးဖြစ်နိုင်တယ်လို့ Eryn Schornick ပြောပါတယ်။

နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေဟာ နိုင်ငံ့စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်အောင် အားပေးသလို တဘက်မှာလည်း ဒေသခံပြည်သူတွေရဲ့ အခွင့်အရေးကို ထိခိုက်မှုတွေ ရှိနိုင်တယ်လို့ အဲဒီအစီရင်ခံစာမှာ ဖော်ပြပါရှိပါတယ်။ အရင်ကလည်း ဒီလုပ်ငန်းတွေမှာ အဓမ္မ အလုပ်စေခိုင်းတာတွေ၊ လယ်မြေတွေကို သိမ်းယူတာ စတဲ့ သာဓကတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။