BBC navigation

ပုဂ္ဂလိကဘဏ်တွေအပေါ် လူထု ယုံကြည်ဖို့ လို

နောက်ဆုံး ရေးသားချိန် 7 အောက်တိုဘာလ 2012 - 16:49 GMT

ကောလဟာလသတင်းတွေကြောင့် ကမ္ဘောဇဘဏ်ကနေ လူတွေ ငွေပြန်ထုတ်ခဲ့ကြ

ပြီးခဲ့တဲ့ ရက်ပိုင်းက ကမ္ဘောဇဘဏ်နဲ့ ပတ်သက်တဲ့ ကောလဟာလ သတင်း တွေကြောင့် ငွေအပ်နှံထားသူတွေ ငွေပြန်ထုတ်ခဲ့ပြီး လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားခဲ့ရာမှာ စနေနေ့ကတော့ ကမ္ဘောဇဘဏ်တာဝန်ရှိသူတွေက ဒီကောလ ဟာလ သတင်းတွေ မမှန်ကြောင်း သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး ရှင်းလင်းခဲ့ရပါတယ်။

အဲဒီသတင်းစာ ရှင်းလင်းပွဲမှာပဲ ပုဂ္ဂလိက ဘဏ်တွေနဲ့ စပ်လျဉ်းလို့ စိုးရိမ်စရာ မလိုကြောင်းနဲ့ ဗဟိုဘဏ်ကလည်း ပုဂ္ဂလိကဘဏ်တွေနဲ့ ပတ်သက်လို့ အပြည့်အဝ တာဝန်ယူကြောင်း ဗဟိုဘဏ် ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က ပြောသွားခဲ့ပါတယ်။

ကမ္ဘောဇဘဏ်ဟာ ပြည်တွင်းမှာ ဘဏ်ခွဲပေါင်း ၇၂ခု ဖွင့်လှစ်ထားတဲ့ ပုဂ္ဂလိကဘဏ် ဖြစ်ပါတယ်။

အဓိကက ဘဏ်လုပ်ငန်းစနစ်ကို လူတွေ ယုံကြည်ဖို့ လိုသလို ဗဟိုဘဏ်ရဲ့ အပြည့်အဝ တာဝန်ယူမှုကလည်း အရေးကြီးကြောင်း ဓန စီးပွားရေး မဂ္ဂဇင်း အယ်ဒီတာချုပ် ဦးသီဟစောက ဘီဘီစီကိုပြောပါတယ်။

မြန်မာနိုင်ငံမှာ ပုဂ္ဂလိကဘဏ်တွေက အပ်ငွေအားလုံးရဲ့ ၁၀ရာခိုင်နှုန်းကို ဗဟိုဘဏ်မှာ အပ်ထားပြီး အခုလို လူတွေ အစုလိုက်အပြုံလိုက် ငွေလာထုတ်တာမျိုး ကြုံရင် လိုအပ်ရင် လိုအပ်သလို ဗဟိုဘဏ်က ချက်ချင်း ငွေထုတ်ပေးတာမျိုး တာဝန်ယူ ဆောင်ရွက်ကြောင်း၊ တကယ်လို့ လူတွေ ငွေလာထုတ်ချိန် မရရင် အခြေအနေ ပိုဆိုးသွားလေ့ရှိကြောင်း ဦးသီဟစောက ပြောပါတယ်။

အခုလို ကမ္ဘောဇဘဏ်နဲ့ ပတ်သက်လို့ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားရတာဟာ ဘယ်လို ကောလဟာလမျိုးတွေကြောင့်လဲ ဆိုတာကို ဘဏ်တာဝန်ရှိသူတွေက အသေးစိတ် ထုတ်မပြောခဲ့ပေမယ့် ပြုပြင်ပြောင်းလဲရေးကို မလိုလားတဲ့ အယူစွဲကြီးတဲ့သူတွေရဲ့ လက်ချက် ဖြစ်နိုင်တယ်လို့ ဦးသီဟစောက သုံးသပ်ပါတယ်။

ပုဂ္ဂလိက ဘဏ်လုပ်ငန်းစနစ်ဟာ ဗဟိုဘဏ်ရဲ့ စည်းကမ်းအောက်မှာ ထားပြီး အဲဒီဘဏ်မှာ လာရောက် အပ်နှံထားတဲ့ ငွေတွေနဲ့ လည်ပတ်နေတာ ဖြစ်ပြီး ဘဏ်လုပ်ငန်းရှင်တွေရဲ့ ပိုင်ဆိုင်မှုငွေကြေးတွေနဲ့ လည်ပတ်နေတာ မဟုတ်ကြောင်း၊ သူက ပြောပါတယ်။

ဘဏ်လုပ်ငန်းစနစ်နဲ့ ပတ်သက်လို့ ထင်သာ မြင်သာ ရှိဖို့လိုကြောင်း၊ လောလောဆယ်မှာ အရင်ကထက် စာရင် ပိုပြီး ပွင့်လင်း မြင်သာမှု ရှိလာပြီ ဖြစ်ပေမယ့် တကယ့် ပြည့်ပြည့်ဝဝ ပွင့်လင်း မြင်သာမှုမျိုး မရှိသေးဘူးလို့ ဓန စီးပွားရေး လုပ်ငန်းရှင် ဦးသီဟစောက သုံးသပ်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။