BBC navigation

သမ္မတ လုပ်ရဲကြောင်း ဒေါ်စုပြော

နောက်ဆုံး ရေးသားချိန် 8 အောက်တိုဘာလ 2012 - 16:03 GMT
dassk

မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်

အမေရိကန် ခရီးစဉ်ကနေ မကြာသေးမှီက ပြန်လည်ရောက်ရှိလာတဲ့ အမျိုးသား ဒီမိုကရေစီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီ ခေါင်းဆောင် တဦးအနေနဲ့ သမ္မတ တာ၀န်ထမ်းဖို့လည်း အဆင်သင့်ဖြစ်တယ်ဆိုပြီး ရန်ကုန်မြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ တနင်္လာနေ့က ပြောကြားလိုက်ပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်သမ္မတ အဖြစ် ရွေးချယ်မယ်ဆိုရင် သူ့အနေနဲ့ လက်ခံနိုင်တယ်လို့ မြန်မာသမ္မတဦးသိန်းစိန်က အမေရိကန် ခရီးစဉ်တုန်းက ဘီဘီစီ Hard Talk တွေ့ဆုံဆွေးနွေးခန်းမှာ ပြောခဲ့တာနဲ့ ပတ်သက်ပြီး သတင်းထောက်တဦးက မေးမြန်းခဲ့တဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်က သူ့ကို မြန်မာပြည်သူတွေက ရွေးကောက်တင်မြောက်ခဲ့ရင် သမ္မတ အဖြစ် လုပ်ရဲပါတယ်လို့ ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ မိသားစုဝင်တဦးဦးက နိုင်ငံခြားသား ဖြစ်နေမယ်ဆိုရင် သမ္မတလုပ်ပိုင်ခွင့် မရှိတာကြောင့် အခြေခံဥပဒေကို ပြင်ဆင်ဖို့လိုအပ်သလို လွှတ်တော်အတွင်းက တပ်မတော်သား ကိုယ်စားလှယ်တွေ မပါရင် ပြင်လို့ ရမှာ မဟုတ်ဘူးလို့ ပြောဆိုနေကြပါတယ်။

အဲဒီအပေါ်မှာတော့ တပ်မတော်သား ကိုယ်စားလှယ် တွေကို သဘောထား ဆိုးသူများလို့ မမြင်ကြောင်းနဲ့ ရေရှည်လက်တွဲ ပြီး လုပ်ကိုင်ရင်း တဦးအကြောင်းတဦး ပိုမိုသိရှိလာမှာ ဖြစ်သလို သူတို့ဟာ တိုင်းပြည်အပေါ် စေတနာရှိသူတွေ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြန်လည်ဖြေကြားသွားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။