BBC navigation

သမ္မတဦးသိန်းစိန် တောင်ကိုရီးယားကို ရောက်ရှိ

နောက်ဆုံး ရေးသားချိန် 8 အောက်တိုဘာလ 2012 - 11:42 GMT
u_thein_sein

ကျေးလက် အဆင့် ကနေ လက်ရှိ ဖွံ့ဖြိုးတဲ့ နိုင်ငံ ဖြစ်လာ အောင် ချမှတ် လုပ်ဆောင် ခဲ့တဲ့ စီမံကိန်းကို လေ့လာ

တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ်ရဲ့ ဖိတ်ကြားချက် အရ မြန်မာ သမ္မတ ဦးသိန်းစိန်ဟာ ၃ ရက်ကြာ ခရီးစဉ် အဖြစ် တောင်ကိုရီးယား နိုင်ငံကို တနင်္လာနေ့မှာ ရောက်ရှိ လာပါတယ်။

တောင်ကိုးရီးယား နိုင်ငံကို ကျေးလက် စက်မှုလုပ်ငန်း အဆင့် ကနေ လက်ရှိ ဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံ တနိုင်ငံ ဖြစ်လာအောင် ချမှတ် လုပ်ဆောင် ခဲ့တဲ့ စီမံကိန်းနဲ့ ပတ်သက်ပြီး သရုပ်ဖော် ထားတဲ့ သမိုင်းပြတိုက် တခုကို သမ္မတ ဦးသိန်းစိန် သွားရောက် လေ့လာခဲ့တယ်လို့ သိရပါတယ်။

အင်္ဂါနေ့မှာတော့ ဦးသိန်းစိန်ဟာ တောင်ကိုးရီးယား သမ္မတ လီမြောင်ဘတ်နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

နှစ်နိုင်ငံကြား ချစ်ကြည်ရေး၊ အစိုးရပိုင်း နဲ့ ပုဂ္ဂလိကပိုင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ အဓိကထား ဆွေးနွေးသွားဖို့ရှိကြောင်း၊ နောက်ပြီး လျှပ်စစ်လို အခြေခံ အဆောက်အအုံပိုင်း အပါအဝင် ကိုးရီးယားရဲ့ ရင်းနှီးမြှပ်နှံမှု တွေကို ကြိုဆို သွားဖို့ ရှိကြောင်း သမ္မတရဲ့ နိုင်ငံရေး အကြံပေး ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ဒေါက်တာ နေဇင်လတ်က ဘီဘီစီကို ပြောပါတယ်။

မြန်မာသမ္မတက တောင်ကိုးရီးယား နိုင်ငံရဲ့ ရင်းနှီး မြှပ်နှံမှုတွေ အတွက် ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပြီး မြန်မာ့ စီးပွားရေး တိုးတက်လာဖို့ တောင်ကိုးရီးယား အနေနဲ့ ဆက်လက် ကူညီသွားဖို့ မျှော်လင့်ကြောင်း ရောက်တဲ့နေမှာ ပြောဆိုခဲ့ ပါတယ်။

ဒီခရီးစဉ်မှာ သမ္မတနဲ့ အတူ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ လျှပ်စစ် ဝန်ကြီး ဦးခင်မောင်စိုး၊ စက်မှုဝန်ကြီး ဦးအေးမြင့် တို့အပြင် သမ္မတရုံး ဝန်းကြီးများ ဖြစ်ကြတဲ့ ဦးစိုးသိန်းနဲ့ ဦးတင်နိုင်သိန်း တို့လည်း လိုက်ပါသွား ကြပါတယ်။

သမ္မတဟာ စစ်ဘက်ရေးရာ ကုမ္ပဏီတွေဆီကို သွားရောက် လည်ပတ်မယ်လို့ သတင်းတွေ ထွက်နေပြီး အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

မြန်မာနဲ့ မြောက်ကိုးရီးယားနဲ့ ဆက်ဆံမှုအပေါ် တောင်ကိုးရီးယားဘက်က စိုးရိမ်မှုတွေ ရှိနေသလို တောင်ကိုးရီးယားရှိ Daewoo ကုမ္ပဏီကနေ စစ်ဘက်သုံး စက်ပစ္စည်းတွေ မြန်မာဘက် ရောင်းချခဲ့မှုအပေါ် တောင်ကိုးရီးယားနိုင်ငံတွင်း တရားစွဲဆိုခံရတဲ့အထိ ဖြစ်ပွားခဲ့တဲ့အကြောင်း ဆိုးလ်မြို့ရှိ NLD-LA က ဦးရန်နိုင်ထွန်းက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။